အိုင်ဗရီကို့စ်နိုင်ငံက ရေတပ်ဟာ စီးပွားရေးမြို့တော် အဘစ်ဂျန်ကို သွားမယ့် ကိုကင်းတွေကို စံချိန်တင် သိမ်းဆည်းရမိခဲ့တယ်လို့ ရေတပ်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြောပါတယ်။
ကမ်းလွန်ရေပြင် ၁၅၅ မိုင်အကွာ ပင်လယ်ထဲမှာ ဇန်နဝါရီ ၃၀ ရက်က ရပ်နေတဲ့ စပိန်အလံ လွှင့်ထားတဲ့ သင်္ဘောတစီးဆီကနေ ကိုကင်း ၄၁၁ ကီလိုကို သိမ်းခဲ့တာပါ။
သင်္ဘောပေါ်က ကိုကင်းမူးယစ်ဆေးတွေကို ရေတပ်အထူးတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၃ ရက်မှာ သိမ်းဆည်းခဲ့ပြီးနောက် လူငါးယောက်ကို ရုံးတင်စစ်ဆေးနေတယ်လို့ ရေတပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။
ကိုကင်းတွေ ဘယ်ကလာတယ်၊ ဘယ်အဖွဲ့က မှောင်ခိုကူးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အိုင်ဗရီကို့စ်နိုင်ငံမှာ မူးယစ်ဆေးတွေ အကြီးအကျယ် ဖမ်းမိတာ ရှားပါတယ်။ ဒါပေမယ့် အနောက်အာဖရိကဒေသ အတ္တလန္တိတ်ကမ်းရိုးတန်း တလျှောက်မှာ ကျန်ခဲ့တဲ့ ၁၈ လအတွင်း ကိုကင်းတွေ အကြိမ်ရေအတော်များများ ဖမ်းမိခဲ့ပါတယ်။
“နှစ်စဉ် ဒီနေရာကို မူးယစ်ဆေး တန်ချိန်လေးဆယ်လောက် ဖြတ်သွားတယ်၊ တောင် အမေရိကတိုက်က ကိုကင်းတွေ ဥရောပကို သွားရာမှာ မကြာခဏ ခရီးတထောက်နားတဲ့ နေရာ ဖြစ်နေတယ်” လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့ကြီး OECD က ပြောပါတယ်။
1 year Ago