စပိန်လာပယ်မာကျွန်း

September 20, 2021

စပိန်လာပယ်မာကျွန်း မီးတောင်ပေါက်၊ ချော်ရည်များ စီးလာသဖြင့် ရွာ ၂ ရွာ ဘေးလွတ်ရာရွှေ့

စပိန်နိုင်ငံ ကာနာရီကျွန်းစုက လာပယ်မာကျွန်းပေါ်မှာ စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲလို့ ကျွန်းရဲ့တောင်ပိုင်းက ကမ်ဘရေ ဗေးဂျာအမျိုးသား ဥယျာဉ်ထဲက ရွာ ၂ ရွာဆီကို ချော်ရည်တွေ စီးလာနေပါတယ်။

ဒေသစံတော်ချိန် ညနေ ၃ နာရီ ဆယ့်ငါးမိနစ်လောက်မှာ မီးတောင်မပေါက်ကွဲခင် အနားက ရွာတွေက လူတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို အာဏာပိုင်တွေက ဘေးကင်းရာ စတင် ရွှေ့ပြောင်းခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

၂ နာရီအကြာမှာတော့ ချော်ရည်တွေက တောင်စောင်းက မီးတောင် အူကြောင်း ငါးခုကနေ တောင်ခြေကို စီးလာလို့ ဒေသခံအာဏာပိုင်တွေက ရွာလေးရွာကို ဘေးကင်းရာရွှေ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ညဘက်မှာတော့ ချော်ရည်တွေက လေထဲ မီတာ ရာချီ ပန်းထွက်လာခဲ့ပြီး လိမ္မော်ရောင် ကျောက်ရည်ပူတွေက တောင်ပေါ်ကနေ ချော်ရည်စီးကြောင်း ၃ ခုထက်မနည်း ခွဲဖြာ စီးဆင်းလာခဲ့တာပါ။

မီတာရာပေါင်းများစွာ ရှည်ပြီး ဆယ်မီတာကျော် ကျယ်တဲ့ ချော်ရည်စီးကြောင်းတခုကတော့ လမ်းကို ဖြတ်ကျော်ပြီး အယ်လ်ပါဆိုရွာက အိမ်တွေကို စပြီးဝိုင်းထားပြီလို့ စက်တင်ဘာ ၂၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

2 years Ago
Up