စပိန်နိုင်ငံ

July 5, 2022

စပိန်နိုင်ငံသည် ဥရောပ၌ အလုပ်လက်မဲ့နှုန်း ဒုတိယအမြင့်ဆုံးဖြစ်

ဂရိနိုင်ငံပြီးရင် စပိန်နိုင်ငံဟာ ဥရောပမှာ အလုပ်လက်မဲ့နှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံလို့ ယူရိုစတတ် သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အောက် လူငယ် ၂၉ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေပြီး အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၂၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ ဖြစ်နေတာပါ။

အလုပ်အကိုင် လိုအပ်ပေမယ့် လူငယ်တွေဟာ လုပ်ခနည်းပြီး ရာသီအလိုက် အလုပ်ဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်ဝင်ဖို့ တွန့်ဆုတ်နေကြပါတယ်။

စပိန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ပျမ်းမျှလစာအနေနဲ့ တလကို ယူရိုငွေ ၁၁၀၀ ကနေ ၁၃၀၀ ကြား လစာပေးနေတယ်လို့ သမဂ္ဂတွေက ဆိုပါတယ်။

အိမ်နီးချင်း ပေါ်တူဂီမှာတော့ ပျမ်းမျှလစာ ပိုနည်းပြီး တလ ၈၈၁ ယူရိုမှာ ရပ်တည်နေပါတယ်။ တနိုင်ငံလုံး အနိမ့်ဆုံး လုပ်ခလစာက ၇၀၅ ယူရိုပါ။

အလုပ်လက်မဲ့နှုန်း မြင့်နေပေမယ့် လုပ်ခလစာ နည်းနေလို့ စပိန်ရဲ့ အစားအသောက်လုပ်ငန်း ကဏ္ဍမှာတင် လုပ်သားအင်အား ၂ သိန်း လိုအပ်နေတာပါ။

ပေါ်တူဂီနိုင်ငံက ဟိုတယ်လုပ်ငန်းမှာတော့ စျေးကွက်တောင်းဆိုမှု ပိုတိုးနေတာ ပြည့်မီဖို့ လုပ်သား အင်အား ၁ သောင်းခွဲထက်မနည်း လိုအပ်နေပါတယ်။

တကယ်လို့ လုပ်သားအင်အား မဖြည့်နိုင်ရင် ဟိုတယ်တချို့ဟာ လက်ခံနိုင်မယ့် ဧည့်သည် အရေအတွက်ကို ​လျော့ချရလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စပိန်နဲ့ ပေါ်တူဂီတို့ဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရတာပါ။

ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း အသွားအလာ ပိတ်ဆို့ကန့်သတ်ချိန်မှာ သူတို့ မိခင်နိုင်ငံတွေဆီ ပြန်သွားခဲ့ကြပြီး ဥရောပဆီ ပြန်မလာကြသေးပါဘူး။

မကျေမနပ် ပြောနေမယ့်အစား အဖြေရှာသင့်တယ်လို့ စပိန်ရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဖြစ်နိုင်ဆုံး အဖြေကတော့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးနဲ့ အလုပ်အချိန်ဇယားပဲလို့လည်း သူတို့က ပြောပါတယ်။

5 months Ago

June 11, 2022

စပိန်နိုင်ငံတွင် တွင်းထဲပြုတ်ကျခဲ့သည့် ဝက်ဝံသားအမိကို အသက်ရှင်လျက်ပြန်တွေ့

စပိန်နိုင်ငံက တောခေါင်းတွေဟာ ၁၅ မီတာ နက်တဲ့တွင်းထဲပြုတ်ကျသွားတဲ့  ဝက်ဝံမနဲ့ သူ့သားပေါက်လေးတို့ကို သူတို့ သားရဲတွင်းရဲ့ အနက်ပိုင်းထဲမှာ အသက်ရှင်လျက် ပြန်ရှာဖွေတွေ့ခဲ့ပါတယ်။

ဝက်ဝံထီးတကောင်က  သူ့ကို တိုက်ခိုက်လို့ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့အပြီး ဝက်ဝံထီးကတော့ သေဆုံးခဲ့တာပါ။

ဇွန် ၆ ရက်က တောင်ကမ်းပါးအစွန်းမှာ ဝက်ဝံမကြီးတစ်ကောင်နဲ့ ပိုကြီးတဲ့ ဝက်ဝံထီးတို့ တိုက်ခိုက်ရန်ဖြစ်ကြရာမှာ နှစ်ကောင်စလုံး အမြင့်ကြီးကနေ ကျောက်ဆောင်တွေပေါ်ကို ပြုတ်ကျခဲ့တာကို ရုပ်သံမှတ်တမ်းတွေက ပြထားပါတယ်။

ဝက်ဝံထီးဟာ တောင်စောင်းတလျှောက် အဝေးကြီးကို လိမ့်ဆင်းသွားအပြီး မလှုပ်တော့ဘဲ ရှိနေခဲ့ပါတယ်။ လန့်ဖျပ်သွားတဲ့ ဝက်ဝံအမကတော့ သူ ပြုတ်ကျတဲ့ နေရာကနေ အဝေးကို ထွက်သွားခဲ့တာပါ။

ပါလန်စီယာနားက ကတ်စ်တီလေ မြောက်ပိုင်းနဲ့ လီယွန် တောင်တွေဘက်မှာ ၂ ရက်ကြာ ရှာအပြီး ဥယျာဉ်စောင့် တောခေါင်းတွေဟာ ဝက်ဝံမကြီးရှိတဲ့ ၁၅ မီတာ နက်တဲ့ သားရဲတွင်းကို ရှာတွေ့ခဲ့ တယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ဆောင်မှုဌာနက ဇွန် ၈ ရက်မှာ သူတို့ရဲ့ ၀က်ဘ်ဆိုက်ပေါ်ကနေ ပြောခဲ့ပါတယ်။

အထူးကင်မရာနဲ့ တယ်လီစကုပ်ချိတ်တွေကို သုံးပြီး ဝက်ဝံသားအမိတွေအတွက် သစ်သီးတွေနဲ့ ရေတွေကို တွင်းထဲသို့ ချထားပေးခဲ့တယ်လို့ အင်တာနက် စာမျက်နှာက ပြောပါတယ်။

မိတ်လိုက်ရာသီမှာ ဝက်ဝံအထီးတွေက သားပေါက်တွေနဲ့ ဝက်ဝံအမတွေကို တိုက်ခိုက်တာ အဆန်းမဟုတ်ဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

6 months Ago
More News
Up