စပိန်တွင် မီးတောင်ပေါက်ကွဲ

September 29, 2021

စပိန်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၆၀၀ ခန့်နှင့် ကောက်ပဲသီးနှံများ ပျက်စီး

စပိန်နိုင်ငံက လာပယ်မာကျွန်းပေါ်မှာ ပေါက်ကွဲနေတဲ့ မီးတောင်က ချော်ရည်တွေဟာ စက်တင်ဘာ ၂၈ ရက် ညနေမှာ သမုဒ္ဒရာထဲကို စီးဆင်းသွားပါပြီ။

လွန်ခဲ့တဲ့ ၁၀ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်က ချော်ရည်တွေ စီးဆင်းလာလို့ အဆောက်အအုံတွေနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပါတယ်။

ပလာယာနွီဗာ ကမ်းရိုးတန်းမှာ ကျောက်ခဲတွေ အကြမ်းပတမ်း ကျဆင်းနေပုံနဲ့ တိမ်တိုက်တွေလို ဖြစ်နေတဲ့ ရေနွေးငွေ့ဖြူဖြူတွေ သမုဒ္ဒရာထဲက ထိုးတက်လာပုံတွေကို ရိုက်တာက ထုတ်လွှင့်ပါတယ်။

ချော်ရည်တွေ ပင်လယ်ထဲ ရောက်တဲ့အခါ အဆိပ်သင့်ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ပေါက်ကွဲမှု ဖြစ်နိုင်ခြေတွေ ရှိတယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။

ဒါကြောင့် အသွားအလာ ပိတ်ဆို့ ကန့်သတ်တာကို တင်းတင်းကျပ်ကျပ် ကျင့်သုံးရမယ်လို့ ပေဗိုလ်ကာ တုံ့ပြန်ရေးကော်မတီ ဒါရိုက်တာ မစ်ဂယ်အိန်ဂျယ် မော်ကူအန်ဒေက စက်တင်ဘာ ၂၈ ရက်က ပြောပါတယ်။

ချော်ရည်တွေဟာ မီးတောင်အနောက်ဘက်ခြမ်းကနေ ပင်လယ်ဘက်ဆီကို စက်တင်ဘာ ၁၉ ရက်နေ့တည်းက စီးဆင်းနေတာပါ။

အိမ်ခြေ ၆၀၀ လောက်နဲ့ ငှက်ပျောစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရကာ ကမ်းရိုးတန်းက ရွာ ၃ ရွာကို တနင်္လာနေ့ကစလို့ အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားခဲ့ပါတယ်။

စပိန်အစိုးရဟာ ကျွန်းအတွက် ဘဏ္ဍာရေး အထောက်အပံ့ပေးဖို့ လာပယ်မာကျွန်းကို ကပ်ဘေးသင့်ဇုန်အဖြစ် အင်္ဂါနေ့မှာ သတ်မှတ်ခဲ့ပါတယ်။

3 weeks Ago
Up