စပိန်မြေတွင် အကြိတ်အနယ်ကစားရနိုင်သည့် မန်ယူ

May 4, 2017

စပိန်မြေတွင် အကြိတ်အနယ်ကစားရနိုင်သည့် မန်ယူ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စပိန်ကလပ် ဆယ်လ်တာဗီဂိုနဲ့ ပရီးမီးယားလိဂ်က နာမည်ကြီး မန်ယူတို့ ဒီနေ့ည ယှဉ်ပြိုင်ကြမှာပါ။ ဆယ်လ်တာဗီဂိုက ပုံမှန်ဆိုရင် ခြေစွမ်းမဆိုးပေမယ့် လာလီဂါမှာတော့ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာ အဓိက ကစားသမား ၃ ဦးလောက်ကို အရန်ခုံမှာထားခဲ့ပြီး ဒီပွဲအတွက် အနားပေးခဲ့တာ တွေ့ရတယ်။ လာလီဂါသွင်းဂိုး ၁၇ ဂိုးအထိရှိတဲ့ ဆယ်လ်တာတိုက်စစ်မှူး အက်စ်ပတ်စ်ကိုတော့ မန်ယူ သတိထားရမှာပါ။ မန်ယူအသင်းမှာတော့ ဒဏ်ရာရနေတဲ့ အဲရစ်ဘိုင်ယီ လေ့ကျင့်ခန်းပြန်ဆင်းခဲ့လို့ ဒီပွဲမှာ ပြန်ပါလာနိုင်ပြီး ပေါ့ဂ်ဘာနဲ့ မာတာတို့လည်း ဒဏ်ရာက ပြန်ကောင်းလာပါပြီ။ မန်ယူက ဒီပွဲပြီးရင် တရက်ပဲအနားရပြီး အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ်ရှိနေလို့ ခြေကုန်ထုတ်ပါ့မလား စဉ်းစားစရာရှိပါတယ်။ ဥရောပပွဲတွေမှာ စပိန်အသင်းတွေရဲ့ အိမ်ကွင်းကစားပုံကလည်း အဆင့်တခုရှိနေလို့ မန်ယူ ခက်ခက်ခဲခဲတော့ ကစားရပါလိမ့်မယ်။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒီဖလားမှာ ချန်ပီယံဖြစ်ဖို့အထိ ရည်မှန်ထားလို့ အကြိတ်အနယ်ကစားပြီး တဂိုးအကွာလောက်နဲ့ မန်ယူကပ်နိုင်ဖို့ များပါတယ်။
4 years Ago
Up