စပိန်တော်ဝင်မင်းသမီး

January 12, 2016

ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု စွဲချက်ဖြင့် စပိန်တော်ဝင်မင်းသမီးကို တရားရုံးတင်

စပိန်တော်ဝင်မင်းသမီး ခရစ္စတီးနားဟာ ဇန်န၀ါရီ ၁၁ ရက်နေ့က ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုမှာ အလိုတူအလိုပါစွဲချက်နဲ့ ရုံးတင်ခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်ရတဲ့ ပထမဆုံး တော်ဝင်မိသားစုဝင်တဦး ဖြစ်လာပါတယ်။ သူ့ရဲ့ကြင်ယာတော် အပါအ၀င် လူ ၁၆ ဦးရဲ့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုမှာ မင်းသမီးလည်း ပါဝင်တယ်ဆိုပြီး စွဲချက်တင်ခံရကာ စွပ်စွဲချက်တွေကို အားလုံးက ငြင်းဆန်ထားကြပါတယ်။ မင်းသမီး ခရစ္စတီးနားဟာ အသက် ၅၀ အရွယ်ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ပါမာ (Palma) မြို့ တရားရုံးချိန်းကို ကြင်ယာတော်နဲ့အတူ တက်ရောက်ခဲ့ပြီး အခုလို ရုံးတင်ခံရတဲ့ကိစ္စဟာ စပိန်တော်ဝင်မိသားစုအတွက် အတော့်ကို မျက်နှာပျက်စရာကိစ္စကြီး ဖြစ်နေတာပါ။ မင်းသမီးရဲ့ ကြင်ယာတော်လည်း ပြည်သူပိုင်ငွေ အလွဲသုံးစားမှု၊ ငွေကြေးခ၀ါချမှု စွဲချက်တွေနဲ့ ရုံးတင်ခံထားရပါတယ်။ မင်းသမီးရဲ့ ကြင်ရာတော် ထူထောင်ထားတဲ့ လူမှုရေးအဖွဲ့အစည်းတခုကို အသုံးချပြီး ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော် အလွဲသုံးစား လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးနဲ့ ကြင်ယာတော်တို့ အခုလို တရားစွဲဆိုခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာတော့ မရှိခဲ့ပါဘူး။ စပိန်ဘုရင်စနစ်ကို ဆန့်ကျင်သူတချို့ကတော့ တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
7 years Ago
Up