စပိန်နိုင်ငံက ကျောင်းတွေမှာ ကလေးတွေကို အိမ်စာတွေ အများကြီးပေးတာ မကျေနပ်လို့ မိဘထောင်ချီ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို ဦးဆောင်မယ့် Spanish Alliance of Parents’ Association (CEAPA) က အိမ်စာတွေဟာ ကလေးတွေအတွက် ဆိုးရွားနာကျင်မှုကို ဖြစ်စေကြောင်း၊ တနိုင်ငံလုံးမှာရှိတဲ့ အစိုးရကျောင်းပေါင်း ၁၂,၀၀၀ က ကျောင်းသားတွေ အားလုံးကို နိုဝင်ဘာလရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေတိုင်းမှာ အိမ်စာတွေ မလုပ်ဖို့ ပြောမယ်လို့ဆိုကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၂ ခုနှစ်ရဲ့ ပညာရေးအစီရင်ခံစာအရ စပိန်နိုင်ငံဟာ အိမ်စာအများဆုံး လုပ်ရတဲ့ စာရင်းထဲကို ဝင်လာပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့မှ ပြုလုပ်တဲ့ PISA လေ့လာမှုအရ စပိန်နိုင်ငံက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ တပတ်ကို အိမ်စာလုပ်ရတဲ့အချိန် စုစုပေါင်း ၆.၅ နာရီလောက် ရှိတယ်လို့ သိရပါတယ်။
အခြား ၃၈ နိုင်ငံအုပ်စုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဲဒီနိုင်ငံတွေက ကလေးတွေက တပတ်ကို အိမ်စာလုပ်ရတဲ့ အချိန်ပေါင်း ၄.၉ နာရီပဲ ရှိတယ်လို့ ဆိုပါတယ်။
PISA လေ့လာမှုဇယားအတွင်းမှာလည်း စပိန်နိုင်ငံဟာ အိမ်စာပေးပမာဏ များတဲ့ ၆၄ နိုင်ငံထဲမှာ နံပါတ် ၁၁ အိမ်စာအများဆုံးပေးတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
ဒီလို အိမ်စာတွေအများကြီး ပေးလို့လည်း စပိန်နိုင်ငံက ကလေးတွေဟာ ရလဒ်တွေ ပိုကောင်းမလာဘဲ အမြဲလိုလို သင်္ချာဘာသာ၊ စာဖတ်ခြင်းနှင့် သိပ္ပံဘာသာရပ်တို့မှာ အမှတ်တွေ နည်းနေတယ်လို့ PISA ရဲ့အခြားအစီရင်ခံစာက ဆိုပါတယ်။
စပိန်နိုင်ငံနဲ့ မတူကွဲပြားစွာပဲ အကောင်းဆုံးကျောင်းသားတွေ ထွက်ရှိတဲ့ ဖင်လန်နိုင်ငံနဲ့ တောင်ကိုးရီးနိုင်ငံတွေမှာ ဆိုရင် ကျောင်းသားတွေဟာ အိမ်စာလုပ်ရချိန် ၃ နာရီထက် နည်းနေပါတယ်။
CEAPA ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျိုးလူးဝစ်စ်ပါဇိုစ်က စပိန်နိုင်ငံရဲ့ ပညာရေးဟာ ရှေးရိုးရာ နည်းလမ်းတွေဖြစ်တဲ့ ထပ်တလဲလဲ ရွတ်ဖတ်တာနဲ့ အလွတ်ကျက်မှတ်တဲ့ စနစ်တွေပေါ်မှာ မှီနေတယ်လို့လည်း ပြောခဲ့ပါတယ်။
ကလေးတွေဟာ သတင်းအချက်အလက်တွေကို ဘယ်လိုစီမံခန့်ခွဲရမယ် ဆိုတာနဲ့ ဘာတွေကို မှတ်သားရမယ် ဘာတွေကိုတော့ မှတ်သားဖို့ မလိုဘူးဆိုတာတွေကို သိရမယ်လို့လဲ သူက ဖြည့်ပြောသွားပါတယ်။
ဒီအိမ်စာပြဿနာဟာ မိဘတွေကသာ စိတ်ပူနေရတာမဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း ဆွေးနွေးငြင်းခုံနေရတဲ့ ကိစ္စတခု ဖြစ်နေတာပါ။ အမေရိကန်နိုင်ငံ တက္ကဆက်ရဲ့ ဒဲလက်စ်မြို့အနီးအနား အလယ်တန်းကျောင်းတကျောင်းက ဆရာမက သူမဟာ ဒီတနှစ်လုံး ကလေးတွေကို အိမ်စာပေးမှာ မဟုတ်ဘဲ အဲဒီအစား ကလေးတွေကို သူတို့ရဲ့ မိသားစုတွေနဲ့ အချိန်ကုန်ဆုံးစေချင်တယ်လို့ ဆိုပါတယ်။
ကလေးတွေအနေနဲ့ ပိုပြီး “အမှီအခိုကင်းတဲ့” သင်ယူရေးစနစ်ကို ချဉ်းကပ်နိုင်ဖို့ ကျောင်းချိန်ကာလအစပိုင်းမှာ ရှေးရိုးစွဲ အိမ်စာလုပ်ခိုင်းတာတွေကို ဗြိတိန်နိုင်ငံ အထက်တန်းကျောင်းတကျောင်းက ဖျက်သိမ်းပစ်လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း စာသင်သားကလေးငယ်တွေရဲ့ အိမ်စာတွေကို ပိုမိုလျှော့ချဖို့ အာဏာပိုင်တွေက စဉ်းစားနေကြပါတယ်။ နောက်နှစ်ကစပြီး မူလတန်းကျောင်းက အတန်းငယ်ကလေးတွေကို အိမ်စာပေးတာကနေ တားမြစ်ဖို့ ဆိုးလ်မြို့တော်ရဲ့ ပညာရေးဌာနက ဆုံးဖြတ်ခဲ့တယ်လို့ တောင်ကိုးရီးယား သတင်းဌာနတခုက သတင်းထုတ်ပြန်သွာပါတယ်။
6 years Ago