စပိန်အသင်း

July 10, 2018

စပိန်လက်ရွေးစင်နည်းပြအဖြစ် လူးဝစ်အင်းနရစ်ကို ခန့်အပ်

စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာနဲ့ ရိုးမားအသင်း နည်းပြဟောင်း လူးဝစ် အင်းနရစ်ကို စပိန်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြ အင်းနရစ်ကို စပိန်အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြ ဟီဟဲရာရဲ့နေရာမှာ အစားထိုး ခန့်အပ်လိုက်တာပါ။ နည်းပြ အင်းနရစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။ သူဟာ ကစားသမားဘဝတုန်းက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ အင်းနရစ်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်တဲ့ ၂၀၁၄ ကနေ ၂၀၁၇ ကာလတွေအတွင်း စပိန်လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ် ရခဲ့ပါတယ်။
4 years Ago

June 14, 2018

စပိန်အသင်း နည်းပြချုပ်အဖြစ် ရီးရဲလ်ကစားသမားဟောင်း ဟီဟဲရိုကို ခန့်အပ်

လစ်လပ်နေတဲ့ စပိန်နည်းပြ ရာထူးနေရာကို နည်းပြသစ်အဖြစ် ဖာနန်ဒို ဟီဟဲရိုကို ခန့်အပ်လိုက်ပါတယ်။ ကမ္ဘာ့ဖလားကျင်းပဖို့ ၂ ရက်အလိုမှာ စပိန်ဘောလုံးအဖွဲ့ချုပ်က လက်ရှိနည်းပြ ဂျူလန် လိုပက်တက်ဂွီကို ထုတ်ပယ်အပြီး နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြ ဂျူလန် လိုပက်တက်ဂွီကို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် နည်းပြအဖြစ် ခန့်အပ်မယ်လို့ ကြေညာအပြီး လက်ရွေးစင်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ နည်းပြသစ် ဖာနန်ဒို ဟီဟဲရိုကတော့ အသင်းကို အဓိကကျတဲ့ အပြောင်းအလဲ နည်းနည်းတော့ လုပ်ထားတယ်လို့ ပြောဆိုထားပါတယ်။ အသက် ၅၀ အရွယ် နည်းပြသစ် ဟီဟဲရိုဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းတဦး ဖြစ်ပါတယ်။ စပိန်အသင်းဟာ လာမယ့် ၁၆ ရက်နေ့မှာ အုပ်စုပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
More News
Up