စပိန်တွင် နှင်းမုန်တိုင်းကြောင့် ပိတ်မိနေသည့် ယာဉ်မောင်း ၃၅၀၀ ကျော်ကို ကယ်ဆယ်

January 8, 2018

စပိန်တွင် နှင်းမုန်တိုင်းကြောင့် ပိတ်မိနေသည့် ယာဉ်မောင်း ၃၅၀၀ ကျော်ကို ကယ်ဆယ်

နှင်းမုန်တိုင်းကြောင့် စပိန်နိုင်ငံမြို့တော် မက်ဒရစ်နားက အမြန်လမ်းမကြီးတခုပေါ်မှာ  ပိတ်မိနေခဲ့တဲ့ ယာဉ်မောင်း ၃၅၀၀ ကျော်လောက်ကို ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းမှာ ကယ်ဆယ်လိုက်ပြီလို့ စပိန်အရေးပေါ်အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဇန်နဝါရီ ၆ ရက် ညတုန်းက မက်ဒရစ်မြို့နဲ့ ဆီဂိုဗီးယားမြို့ကြားက ၄၄ မိုင်ရှည်တဲ့ မော်တော်ကားလမ်းဟာ နှင်းတွေကျဆင်းတာကြောင့် လမ်းပိတ်ပြီး ယာဉ်မောင်းတွေ ခရီးမဆက်နိုင် ဖြစ်ခဲ့ကြတာပါ။ နှင်းမုန်တိုင်းကြောင့် အမြန်လမ်းမကြီးပေါ်မှာ ပိတ်မိခဲ့တဲ့ ယာဉ်မောင်းတွေဟာ အမြန်လမ်းမကြီးပေါ်မှာပဲ ညအိပ်ခဲ့ရတယ်လို့ စပိန်သတင်းစာ အယ်လ်ပိုင်အစ်က ဖော်ပြပါတယ်။ စပိန်အရေးပေါ်အကူအညီပေးရေးအဖွဲ့က အင်တာနက်လူမှုကွန်ရက် တွစ်တာမှာ တင်ထားတဲ့ ဗွီဒီယိုတွေမှာ အရေးပေါ်အကူအညီပေးရေး လုပ်သားတွေဟာ ယာဉ်မောင်းတွေကို အကူအညီပေးရင်း နှင်းချော်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပုံတွေကို ပြသထားပါတယ်။ လမ်းမကြီးပေါ်မှာ ပိတ်မိနေခဲ့တဲ့ ယာဉ်မောင်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်း နှေးကွေးတယ်ဆိုတဲ့ အကြောင်းကို အင်တာနက် လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြသလို ယာဉ်မောင်းတချို့ကတော့ သူတို့မှာ ယာဉ်တွေကို အပူပေးဖို့ လောင်စာနဲ့ အစားအစာတွေ မရှိတဲ့အတွက် ခရီးမဆက်နိုင် ဖြစ်နေခဲ့ကြရတယ်လို့ ရေးသားခဲ့ကြပါတယ်။
3 years Ago
Up