စပိန်စူပါဖလားတွင် ရီးရဲလ်က ဘာစီလိုနာကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

August 14, 2017

စပိန်စူပါဖလားတွင် ရီးရဲလ်က ဘာစီလိုနာကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတွေဖြစ်လို့ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ဘာစီလိုနာ နောက်တန်းကစားသမား ပီကေး ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ဘာစီလိုနာအတွက် ချေပဂိုးကို ၇၇ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက ပယ်နယ်တီကနေ သွင်းယူပါတယ်။ ရီးရဲလ်အတွက် ဒုတိယဂိုးကို တန်ပြန်တိုက်စစ်ကနေ မိနစ် ၈၀ မှာ တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းယူပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနိုင်လို့ ပရိသတ်အကြိုက် ပွဲကောင်းတပွဲလည်း ဖြစ်ခဲ့ပါတယ်။ ၈၂ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဒုတိယ အဝါကတ်ထိပြီး အထုတ်ခံလိုက်ရပါတယ်။ ဘာစီလိုနာက ဖိအားပေး ကစားနေတုန်းမှာပဲ တန်ပြန်တိုက်စစ်ကနေ ရီးရဲလ်အတွက် အပိတ်ဂိုးကို အက်ဆန်စီယို သွင်းယူပြီး အနိုင်ရသွားပါတယ်။ စူပါဖလား ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ရီးရဲလ် အိမ်ကွင်းမှာ လာမယ့် သြဂုတ် ၁၆ ရက်နေ့ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up