ဒီဇင်ဘာ ၁၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးနဲ့ ဆောက်သမ်တန်တို့ အနိုင်ရသွားပါတယ်။
စပါးအသင်းက ဘန်လေရဲ့ ဦးဆောင်ဂိုးသွင်းတာခံရပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။
ဘန်လေအတွက် ဂိုးကို ၂၁ မိနစ်မှာ သွင်းယူပြီး စပါးအတွက် ချေပဂိုးကို ၂၇ မိနစ်မှာ အလီက သွင်းယူပါတယ်။
အိမ်ရှင် စပါးအတွက် အနိုင်ဂိုးကိုတော့ ၇၁ မိနစ်မှာ ရို့စ်ကသွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ စပါးက ၃၃ မှတ်နဲ့ အဆင့် ၅ မှာရှိနေပြီး ဘန်လေက ၁၇ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ ပွဲစဉ်မှာတော့ ဆောက်သမ်တန်က နောက်ကနေ လိုက်ကစားပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲအစ ၆ မိနစ်မှာပဲ နာသန်အကီက ဘုန်းမောက်အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဆောက်သမ်တန်အတွက် ချေပဂိုးတွေကိုတော့ ၁၄ မိနစ်မှာ ဘာထရန်၊ ၄၈ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ ဂျေး ရိုဒဂီဂွက်ဇ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ ဆောက်သမ်တန်က ၂၄ မှတ်နဲ့ အဆင့် ၇၊ ဘုန်းမောက် ၂၁ မှတ်နဲ့ အဆင့် ၁၀ မှာ အသီးသီး ရပ်တည်နေပါတယ်။
6 years Ago