စပါးနှင့် လီဗာပူးတို့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ သရေကျ

February 19, 2016

စပါးနှင့် လီဗာပူးတို့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ သရေကျ (ရုပ်သံ)

ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာပဲ ပရီးမီးယားလိဂ်အသင်းတွေထဲက စပါးနဲ့ လီဗာပူးတို့ အဝေးကွင်းပွဲစဉ်တွေမှာ အသီးသီး သရေကျသွားပါတယ်။ စပါးက ဖီအိုရင်တီးနားအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာပါ။ ဒီပွဲမှာ စပါးအတွက် ချာဒီက ၃၇ မိနစ်မှာ ပင်နယ်တီကနေဆင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၅၉ မိနစ်မှာ အိမ်ရှင် ဖီအိုရင်တီးနားက ချေပဂိုး သွင်းယူပြီး သရေကျသွားတာပါ။ စပါးက အဝေးကွင်းမှာ ၁ ဂိုးရလိုက်လို့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်အတွက် တပန်းသာသွားပြီ ဖြစ်ပါတယ်။ လီဗာပူးကတော့ ဂျာမန်ကလပ် အော့စ်ဘတ်နဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒီပွဲမှာ လီဗာပူး အခွင့်အရေး ပိုရပေမယ့် အသုံးမချနိုင်လို့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့တာပါ။ လီဗာပူးနည်းပြ ဂျာဂင်ကလော့အတွက်တော့ ဂျာမန်မြေကို ပထမဆုံး ပြန်လည်ခြေချတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်တွေအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လီဗာပူးက အော့စ်ဘတ်ကို၊ စပါးက ဖီအိုရင်တီးနားကို အိမ်ကွင်းတွေမှာ ပြန်လည်ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
Up