စပါးကြီးမြွေများ မွေးခဲ့သည့်အမျိုးသား ထူးဆန်းစွာသေဆုံးမှု မြွေကိုက်ခံရမှုကြောင့်ဟု သံသယရှိ

September 25, 2017

စပါးကြီးမြွေများ မွေးခဲ့သည့်အမျိုးသား ထူးဆန်းစွာသေဆုံးမှု မြွေကိုက်ခံရမှုကြောင့်ဟု သံသယရှိ

အင်္ဂလန်နိုင်ငံမှာ စပါးကြီးမြွေတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားခဲ့သူ အမျိုးသားတဦးရဲ့ ထူးဆန်းစွာ သေဆုံးမှုဟာ မြွေကိုက်ခံရလို့ ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်။ အသက် ၃၁ နှစ်အရွယ် ဒန်ဘရန်ဒွန်ဟာ ဟမ့်ပ်ရှိုင်းယားဒေသ နေအိမ်မှာ ဘာတုံ့ပြန်မှုမှ မရှိတော့ဘဲ သေဆုံးခဲ့ချိန်မှာ အနီး လှောင်အိမ်တွင်းမှ လွတ်မြောက်နေတဲ့ စပါးကြီးမြွေတကောင်ကို တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ သူ့မှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုမှာ မြွေတကောင် ပါဝင်ပတ်သက်နေမယ်လို့ သံသယရှိခဲ့ကြတာပါ။ စပါးကြီးမြွေတွေဟာ လူတွေကို သတ်တယ်ဆိုတာ ရှိပေမယ့် ဒါကတော့ ဗြိတိန်မှာ ပထမဆုံး ဖြစ်ရပ်တခု ဖြစ်နေတာပါ။ ယေဘုယျအားဖြင့်တော့ စပါးကြီးမြွေတွေဟာ သူတို့ရဲ့အစာအဖြစ်သာ လူတွေကို သတ်ကြလေ့ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒန်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ သူမွေးမြူထားခဲ့တဲ့ စပါးကြီးမြွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေကို တွေ့ရပါတယ်။ ပုံတပုံထဲမှာတော့ သူဟာ မြန်မာစပါးကြီးမြွေတကောင်ကို လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ရစ်ပတ်ပြီး ရိုက်ကူးထားခဲ့တာကို တွေ့ရပြီး အဲဒီပုံအောက်မှာ မှတ်ချက်ပေးသူတယောက်က “ခင်ဗျားက ရူးနေတာပဲ” လို့ ရေးခဲ့ပြီး နောက်တယောက်ကတော့ “ခင်ဗျားက မြွေချစ်သူတယောက်ပဲ” လို့ ရေးခဲ့တာကို တွေ့ရပါတယ်။ တခြားပုံတပုံမှာတော့ ဒန်ဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး မြွေကြီးနဲ့ မျက်နှာချင်းဆိုင်လျက်သား ရှိနေခဲ့တာကို တွေ့ရပါတယ်။ စပါးကြီးမြွေတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြွေမျိုးစိတ်တွေထဲမှာ ပါဝင်ပြီး ပျမ်းမျှအားဖြင့်တော့ အရှည် ၁၂ ပေထိ ရှိနိုင်ပါတယ်။ သတင်းရင်းမြစ်တခုကတော့ “အခုတော့ သေဆုံးရတဲ့ အကြောင်းရင်းမှာ မြွေတကောင် ပါနေသလား ဆိုတာကို စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ဆေးစစ်ချက်မှတ်တမ်း အဖြေရတာနဲ့ အတည်ပြုနိုင်မှာပါ” လို့ ပြောပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာ ဧရာမ စပါးကြီးမြွေတကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါသေးတယ်။ ဒန်ရဲ့ သူငယ်ချင်းတွေဟာ JustGiving အမည်ရတဲ့ စာမျက်နှာတခုကို ရန်ပုံငွေ အမှတ်တရ တည်ထောင်ခဲ့ပြီး “သူ(ဒန်)ဟာ မြွေတွေ၊ ပင့်ကူတွေ၊ ငှက်တွေနဲ့ အရိုင်းသတ္တဝါတွေအားလုံးကို ချစ်မြတ်နိုးသူတယောက်ပါ” လို့ ဖော်ပြထားခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up