စပါးဈေးကဲ့သို့ သီးနှံအခြေခံဈေးနှုန်းများ လိုအပ်ပါက သတ်မှတ်ပေးမည်

August 26, 2018

စပါးဈေးကဲ့သို့ သီးနှံအခြေခံဈေးနှုန်းများ လိုအပ်ပါက သတ်မှတ်ပေးမည်

စပါးအပြင် လိုအပ်ပါက တခြားသီးနှံတွေကို အခြေခံရည်ညွှန်းဈေး သတ်မှတ်ပေး သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ စပါးတင်း ၁၀၀ ကို ပြီးခဲ့တဲ့ မတ်လက အခြေခံစပါးဈေး ၅ သိန်းသတ်မှတ်ပြီးတဲ့ နောက်ပိုင်း တခြားသီးနှံတွေကိုလည်း လိုအပ်ပါက အခြေခံဈေးသတ်မှတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့မှာ သြဂုတ် ၂၅ ရက်နေ့က ကျင်းပတဲ့ Feed, Farm to food Forum မှာ ပြောဆိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက “မနှစ်ကလည်း ပေးသာပေးလိုက်တာ၊ နောက်ပိုင်း အကူအညီပေးတဲ့ အဆင့်လောက်ပဲ ရှိတာလေ။ အဖွဲ့ချုပ်က ဆန်စပါးဆိုတော့ သူတို့နဲ့ ညှိနှိုင်းရတာ။ ဒါပေမယ့် စောစောကပြောတဲ့အထဲမှာ ပါပါတယ်။ ရှိတဲ့ သီးနှံတွေက လိုအပ်ရင် အစိုးရအနေနဲ့ ပါဝင် ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။ လယ်ယာထွက်ကုန်အများစုက တရုတ်နိုင်ငံဈေးကွက်ကို အဓိကထားတင်ပို့နေပြီး အရည်အသွေး အာမခံချက်နဲ့ တရားဝင်ရောင်းဝယ်နိုင်တာ နည်းပါးတဲ့အတွက် ဈေးနှုန်း တည်ငြိမ်လေ့ မရှိပါဘူး။ ဒီအတွက် အစေ့ထုတ်ပြောင်းစိုက်ဧက ၁၆ သိန်းလောက် နှစ်စဉ် စိုက်ပျိုးပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ထက်ဝက်လောက်ပိုလျှံတဲ့ တောင်သူတွေအတွက် အခြေခံ ဈေးနှုန်းသတ်မှတ်ချက် လိုအပ်နေတာပါ။ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က “ပြောင်းစိုက်လာတဲ့ လုပ်ငန်းတလျှောက်လုံးမှာ ဈေးနှုန်းတက်လိုက် ကျလိုက်ဖြစ်တယ်။ ဘယ်သူမှတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ဘူးပေါ့။ အခု ၂၀၁၇ ခုနှစ် စက်တင်ဘာလက ပြောင်းက မြန်မာနိုင်ငံရဲ့ စီမံကိန်းဝင် သီးနှံအဖြစ် ကြေညာလိုက်ပြီ။ အဲဒီအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား ကာကွယ်ရေးဥပဒေပေါ့၊ အဲဒီဥပဒေအရဆိုရင် တောင်သူအတွက် တွက်ခြေမကိုက်တဲ့ ဈေးနှုန်း ဖြစ်လာမယ်ဆိုရင် ဥပဒေအရ အစိုးရက တောင်သူအတွက် အဆင်ပြေမယ့် ဈေးနှုန်းတခုကို သတ်မှတ်ပေးမယ်” လို့ ပြောပါတယ်။ စပါးအပြင် တခြားသီးနှံတွေကနေ ဝင်ငွေပိုရဖို့အပြင် အခြေခံ ရည်ညွှန်းဈေးသတ်မှတ်ဖို့ သက်ဆိုင်ရာအသင်းတွေ နဲ့ လွှတ်တော်မှာ ဆွေးနွေးသွားဖို့ လွှတ်တော်ရေးရာကော်မတီတွေက ပြင်ဆင်နေပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုက်တက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက “စပါးကတော့ တူပြိုင်ယှဉ်ပြိုင် သတ်မှတ်တဲ့နှုန်း ပြီးသွားပြီ။ ကျန်တဲ့သီးနှံတွေကို လည်း သတ်မှတ်ဖို့အတွက် သက်ဆိုင်ရာ ဂျုံအသင်း၊ ပဲအသင်း၊ ပြောင်းအသင်း စသဖြင့် အသင်းတွေကို ခေါ်ယူပြီးတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်တခါ ပြည်တွင်းထွက် ပြောင်းဆိုရင် ပြောင်းစေ့အတိုင်း အပြင်ကို ရောင်းမယ့်အစား ပြောင်းထွက်တဲ့ နေရာတွေမှာ အစာကြိတ်စက်တွေ ထောင်ပြီးတော့မှ အစာကြိတ်ပြီးမှရောင်းရင် ပိုက်ဆံတွေ ပိုရပါမယ်။ ပြည်တွင်း မွေးမြူရေးအတွက်လည်း အဆင်ပြေပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာ စပါးအပြင် အရင်ထက် ဈေး ၇ ဆနဲ့ ၅ ဆလောက်ကျသွားတဲ့ မတ်ပဲနဲ့ ပဲစင်းငုံကိုလည်း အခြေခံ ရည်ညွှန်းဈေးသတ်မှတ်ပေးဖို့အပြင် ဈေးကွက်သစ် ရှာဖွေဖို့နဲ့ အစားထိုးသီးနှံ စိုက်ပျိုးဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။ သတင်း - ရူပါအောင်ဝင်း
5 years Ago
Up