စပါးအုံးမြွေကို

October 15, 2017

စပါးအုံးမြွေကို အမြီးကကိုက်ပြီး ကူညီဖမ်းပြသည့် ကမ္ဘောဒီးယားအမျိုးသား (ရုပ်သံ)

ကမ္ဘောဒီးယား အမျိုးသားတဦးက ထိုင်းကယ်ဆယ်ရေးတွေ စပါးအုံးမြွေ ဖမ်းဖို့ကို ကူညီတဲ့အနေနဲ့ သူ့ရဲ့ထူးခြားတဲ့ မြွေအမြီးကို ကိုက်ပြီး ဖမ်းတဲ့နည်းလမ်းကို သုံးပြီး မြွေဖမ်းပြခဲ့ပါတယ်။ ထိုင်းအမျိုးသားတွေက ကားအင်ဂျင်စက်ထဲ ဝင်ခွေနေတဲ့ မြွေကို ၃ နာရီကြာအောင် ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့လို့ ကမ္ဘောဒီးယားအမျိုးသားက ကူညီခဲ့ရတာပါ။ အောက်တိုဘာလ ၉ ရက်နေ့ မနက်စောပိုင်းအချိန်က ဆမုတ်ပရကန်အရပ်မှာ ထိုင်းစင်ထရယ် ဓာတုပစ္စည်း ကုမ္ပဏီပိုင် ပစ်ကပ်ကား စက်အင်ဂျင်ထဲ စပါးအုံးမြွေတကောင် ဝင်ခွေနေလို့ ကုမ္ပဏီရဲ့ လုံခြုံရေးက ဖုန်းခေါ်ဆိုခဲ့ပြီး ကယ်ဆယ်ရေးတွေက အကြောင်းပြန်ခဲ့တယ်လို့ ခါအိုဆော့ဒ်သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မြွေက ကယ်ဆယ်ရေးတွေနဲ့ ဝေးရာကို သွားပြီး ကားရဲ့ဘီးအုံထဲ တင်းကျပ်နေအောင် ရစ်ပတ်ခွေနေလို့ ကုမ္ပဏီက ခန့်အပ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်သူ ကမ္ဘောဒီးယားအမျိုးသား ရာထစ်က ကူညီခဲ့တာပါ။ မြွေရဲ့အမြီးကို အကြိမ်ကြိမ်ကိုက်ပြီး မြွေထွက်ခွာအောင် လုပ်တာက ကမ္ဘောဒီးယား ရှေးရိုးရာနည်းလို့လည်း ရာထစ်က ပြောပါတယ်။ အဆုံးမှာ မြွေအမြီးကို ကိုက်တဲ့နည်းလမ်းက အလုပ်ဖြစ်ပြီး မြွေက လက်လျှော့ကာ ရာထစ်က ကားအောက်ကနေ မြွေကို ဆွဲထုတ်နိုင်ခဲ့တာပါ။ မြွေကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ချိန် မြွေက အဝေးကို လျှောထွက်သွားလို့ ရာထစ်ကပဲ အမြီးကနေ ဆွဲဖမ်းပြီး တိရစ္ဆာန်ကယ်ဆယ်ရေးတွေရဲ့ ကင်းဗတ်အိတ်ထဲ ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မြွေကို တောထဲ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရကြောင်း ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up