စပါးအုံးမြွေ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဂျပန်ခြင်္သေ့ ဟာဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်မည်

May 24, 2018

စပါးအုံးမြွေ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဂျပန်ခြင်္သေ့ ဟာဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်မည်

မြန်မာစပါးအုံမြွေ အောင်လအန်ဆန်ဟာ ၀မ်းချံပီယံရှစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက်ကာကွယ်ဖို့အတွက် ဂျပန်နိုင်ငံက စိန်ခေါ်သူ ကန်ဟာဆီဂါဝါနဲ့ ဇွန်လ ၂၉ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံကွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိပါတယ်။ ၀မ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံ အောင်လအန်ဆန်ဟာ ဂျပန်နိုင်ငံက အင်အား ကြီးမားတဲ့ ပြိုင်ဘက်အသစ် ဟာဆီဂါဝါနဲ့  ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီး အကြီးကျယ် အခမ်းနားဆုံး ပွဲကြီးတပွဲ ဖြစ်လာမယ်လို့ ဝမ်းချန်ပီယံရှစ် ဥက္ကဋ္ဌက ပြောပါတယ်။ ဆာလောင်နေတဲ ခြင်္သေ့ Hungry Lionလို့အမည်ရတဲ့ ဟာဆီဂါဝါနဲ့  ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီခါးပတ်ကိုကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားအားထုတ်သွားမယ်လို့  အောင်လအန်ဆန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “ကျနော် အိမ်(မြန်မာနိုင်ငံ)ကိုပြန်ပြီး ကျနော့်ရဲ့ကျွမ်းကျင်မှုနဲ့ အရည်အသွေးတွေကို ဝေမျှ ရတာဟာ အမြဲတမ်းပဲဝမ်းမြောက်ဖွယ်ရာ အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ချန်ပီယံတယောက် အနေနဲ့ လာရောက်ယှဉ်ပြိုင်သူမှန်သမျှကို အလဲထိုး အနိုင်ယူသွားမှာပါ။ ကမ္ဘာ့ အကြီးကျယ်ဆုံး သိုင်းပေါင်းစုံကိုယ်ခံ ပညာယှဉ်ပြိုင်ပွဲကြီးတခုမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုရတာ ဂုဏ်ယူ မိပါတယ်။” အောင်လအန်ဆန်ဟာ  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လက ဗီတလီဘစ်ဒရတ်ရှ်ကို   အလဲထိုး ကာ အနိုင်ယူကာ ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးနိုင်ငံက အလက်ဇန္ဒား မာချာဒို ကို အနိုင်ရယူခဲ့ပြီး ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်းရှိထားတာပါ။ အောင်လအန်ဆန်ကို စိန်ခေါ်ထိုးသတ်မယ့် ဂျပန်နိုင်ငံသား ဟာဆီဂါဝါက “ရှစ်နှစ်တာ ကာလတလျောက်လုံး အကောင်းဆုံး ကြိုးစားအောင်မြင်ခဲ့တဲ့ ပရောဖက်ရှင်နယ်တစ်ဦးအနေနဲ့ လျှောက်လှမ်းလာခဲ့တာဟာ အခုဆို ကျနော့်ရဲ့ ကစားသမား ဘ၀နောက်တဆင့်ကို ရောက်ရှိလို့ လာပါပြီ။ ကျနော့် အတွက်သိမ်းထားတဲ့ ဒီဆုအတွက် သိပ်ကို စိတ်လှုပ်ရှားနေပါတယ်။  ကျနော့် ရဲ့ အရည်အသွေးတွေကို ကမ္ဘာကိုချပြဖို့ အခွင့်အရေးပေးတဲ့ One Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီခါးပတ်အတွက် အောင်လအန်ဆန်နဲ့ ရင်ဆိုင်တွေ့ဆုံရမှာကိုလည်း ဂုဏ်ယူပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေနဲ့အတူ သူ့ကိုလည်းလေးစားပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်မယ်လို့ ကျနော့်မှာ ယုံကြည်မှုရှိပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အသစ်အဖြစ် ဒိုင်လူကြီးက ကျနော်နော့် လက်ကိုမြောက်ပြီး အောင်ပွဲခံမှာပါ”လို့ပြောပါတယ်။ ဟာဆီဂါဝါဟာ အသက် ၃၁ နှစ်အရွယ်ရှိ သိုင်းပေါင်းစုံကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး ဝမ်းချန်ပီယံရှစ်မှာ ပထမဆုံးအကြိမ် ပွဲဦးထွက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ သိုင်းပေါင်းစုံကိုယ်ခံပညာပွဲတွေဖြစ်တဲ့ Deep နဲ့ Rizin ပြိုင်ပွဲတွေမှာ ပြိုင်စံရှား ခြေချုပ်စွမ်းပကားနဲ့ မိုးကြိုးလို ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ လူသိများလာသူ ဖြစ်ပါတယ်။ သူဟာ ပြိုင်ဘက် ၅ဦးမှာ ၄ဦးကို အလဲထိုးအနိုင်ယူနိုင်ခဲ့သူဖြစ်ပြီး ချုပ်ကွက် ၄ကွက်နဲ့ ထူးခြားကျွမ်းကျင်တဲ့ အလဲထိုးကွက် ၆ကွက် ပါဝင်တဲ့  ပရော်ဖက်ရှင်နယ်မှတ်တမ်း ၁၆ - ၂ ရရှိထားသူဖြစ်ပါတယ်။၊
3 years Ago
Up