စပါးအထွက်နှုန်း

January 18, 2020

ဝမ်းတွင်းမြို့နယ်တွင် စပါးအထွက်နှုန်းကျဆင်းသဖြင့် တောင်သူများ အခက်ကြုံ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာရွာ(ခံဘဲ့ရွာ) က စပါးစိုက်ခင်းတွေမှာ ဆပ်ပြာပေါက်ပြီး စပါးအထွက်နှုန်း ကျဆင်းတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်‌။ အောင်ချမ်းသာရွာ တောင်သူဦးမြင့်နိုင်က “စပါးစိုက်ခင်းတွေကို တောင်ပုလုဆည်ရေနဲ့ စိုက်ပျိုးတယ်။ သပြေရိုးဆည်ကြီး တည်ဆောက်ပြီး တောင်ပုလုဆည်ထဲကို ရေဖြည့်ပေးတယ်။ အဲဒီရေကိုသုံးပြီး စပါးစိုက်မှ လယ်မြေတွေမှာ ဆပ်ပြာပေါက်လာတယ်။ လယ်ကွင်းထဲမှာ ဆပ်ပြာရေတွေ ဖွေးနေတာပဲ။ ဆပ်ပြာရေဆိုတော့ စပါးနှံကို အပင်က မထိန်းနိုင်တော့ဘဲ ပြတ်ကျကုန်တယ်။ စပါးအထွက်နှူန်းတွေ ကျတယ်။ စိုက်ဘဏ်ချေးငွေ ဆပ်ဖို့တောင် ခက်ကုန်တယ်” လို့ DVB ကို ပြောပါတယ်။ ဆည်မြောင်းဦးစီဌာန ဒုဦးစီး ဦးကျော်စွာထွန်းက “ဆည်ရေကြောင့် ဆပ်ပြာပေါက်တာ မဟုတ်ပါဘူး။ တောင်သူတွေက ဆပ်ပြာပေါက်တယ် ပြောလာလို့ သပြေရိုးဆည်ရေနဲ့ တောင်ပုလုဆည်ရေ နှစ်ခုလုံးကို မန္တလေး ဓာတ်ခွဲခန်း၊ ရန်ကုန် ဓာတ်ခွဲခန်းတွေ ပို့ပြီး ဓာတ်ခွဲထားပါတယ်။ ရေကြောင့် ဆပ်ပြာပေါက်တာ မဟုတ်ပါဘူး။ လယ်မြေတွေရဲ့ မူလဓာတ်ခံမြေကြီးက ဆပ်ပြာပေါက်နေတာပါ။ အဲဒီဆပ်ပြာပေါက်တဲ့ လယ်မြေတွေက ၂၀၁၉ မှစပြီး ဆည်ရေပေးတာပါ။ အရင်က ယာသီးနှံစိုက်ပျိုးပါတယ်။ စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး တောင်သူတွေကို ရှင်းပြပေးမှာပါ။ ဒီဆည်ရေကိုပဲ လယ်ဧက ၃၅၀၀ ကျော်လောက် ပေးနေတာပါ။ ကျေးရွာ ၂၀ လောက်က လယ်တွေကို ရေပေးပါတယ်။ အောင်ချမ်းသာရွာက လယ်တွေပဲ ဆပ်ပြာပေါက်တယ်။ ကျန်ရွာတွေမှာ ဆပ်ပြာမပေါက်ပါဘူး။ တောင်ပုလုဆည်ရေက သပြေရိုးဆည်ထဲကို ဖြည့်တာပါ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်ထဲက တောင်ပုလုဆည်ကြီးဟာ တောင်ပုလုဆရာတော်ဘုရား သီတင်းသုံးရာ တောင်ပုလုရွာနားမှာ တည်ရှိပါတယ်။ သင်ပုန်းချောင်းကို ပိတ်ပြီး ရေလှောင်ကာ လယ်ယာမြေတွေကို ရေပေးနေပါတယ်။ ဆည်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၇၀ လောက် ရှိနေပါပြီ။ ဆည်ထဲက နုန်းတွေက ၁၅ ပေ ၁၈ ပေလောက် ဖြစ်နေပါတယ်။ အခု ဆပ်ပြာပေါက်တဲ့ လယ်မြေတွေရေ ရရှိအောင် လက်တံမြောင်းတူးပြီး ၂၀၁၉ ဇူလိုင်လကစပြီး လယ် ၆၉၄ ဧကကို ရေပေးခဲ့တယ်လို့ ဆည်မြောင်းဌာနက ဆိုပါတယ်။ ရေဆင်းဧရိယာ ၁၁၂ စတုရန်းမိုင်ရှိပြီး ဧကပေ ၁ သောင်း ၃ ထောင်ကျော် ရေလှောင်နိုင်ပါတယ်။ သပြေရိုးဆည်ကို တောင်ညိုရွာအနီး ကန်ဆင်းချောင်းကို ပိတ်ကာ ၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ရေလှောင်နိုင်ခဲ့ပါတယ်။ အောင်ချမ်းသာရွာမှာ ဆပ်ပြာပေါက် လယ်ဧက ၅၀ ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။ မောင်မောင်လင်း
2 years Ago

December 28, 2019

စစ်ကိုင်းတိုင်းတွင် မိုးစပါး ဖြုတ်ပိုးကျသဖြင့် စပါးအထွက်နှုန်း ထက်ဝက်ကျော်ကျဆင်း

စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများမှာ ရာသီဥတုပြောင်းလဲမှုကြောင့် အခုနှစ် မိုးစပါးစိုက်ကွင်းတွေကို ဖြုတ်ပိုး ကျရောက်ခဲ့ပြီး စပါးအထွက်နှုန်း ထက်ဝက်ကျော် ကျဆင်းခဲ့တာကြောင့် တောင်သူတွေ အခက်အခဲကြုံတွေ့ခဲ့ကြရပါတယ်။  ဒါ့အပြင် အခု ရိတ်သိမ်းချိန်မှာလည်း ပိုးကျခဲ့တဲ့ လယ်တွေမှာ စပါးအထွက်နှုန်းတွေ ထက်ဝက်ကျော် လျော့နည်းကျဆင်းခဲ့ပြီး တောင်သူတွေ အရှုံးပေါ်နေကြတာပါ။  ဒီပဲယင်းမြို့နယ်၊ သရက်ကန်အုပ်စု၊ မူးကမ်းကြီးအုပ်စုတွေအတွင်းက ကျေးရွာတွေမှာလည်း အောက်တိုဘာလအတွင်းက ကျရောက်ခဲ့တဲ့ ဖြုတ်ပိုးကြောင့် လယ်တချို့ မရိတ်ရတဲ့အထိ ဖြစ်ပေါ်ခဲ့သလို ရိတ်ရတဲ့ လယ်တွေမှာလည်း ပုံမှန်အားဖြင့် ၁ ဧကကို စပါးတင်း ၇၀၊ ၈၀ ဝန်းကျင် ထွက်ရှိရာမှ ပျမ်းမျှ တင်း ၄၀ အောက်သာ ထွက်ရှိခဲ့ပြီး စပါးအရည်အသွေးကလည်း အရင်နှစ်ကထက် သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ "စပါးက အခုမှ စသိမ်းနေကြတုန်း။ စပါးအထွက်ကတော့ ပြီးတဲ့သူက တချို့ ၄၀၊ တချို့လည်း ၂၅၊ ၃၀ ပေါ့။ တချို့ကတော့ ရိတ်တောင်မရိတ်ရဘူး။ ဒီနှစ်အတွက် တောင်သူတွေ ရှုံးတယ်။ ၁ ဧကကို ၂ သိန်းလောက်တော့ ရှုံးမယ်။ ပုံမှန်စိုက်စရိတ်အပြင် ပိုးကျလိုက်တော့ ဆေးဖိုး၊ လုပ်အားခ၊ ပိုကုန်သွားတယ်။ ရိတ်ရတဲ့ စပါးတွေကလည်း အရည်အသွေးကျသွားတယ်။ အလေးချိန်လျော့တယ်။ လောလောဆယ်တော့ စပါးအသစ်က ရောင်းသူပဲ ရှိသေးတယ်။ ဝယ်မယ့်သူ မရှိသေးဘူး။ စပါးလည်း သိပ်မပေါ်သေးတဲ့အပြင် စပါးအဟောင်းလည်း ကျန်နေသေးတယ်။"လို့ မူးအုန်းကျေးရွာက တောင်သူ ဦးသန်းငွေက ပြောပါတယ်။ ဒီယင်းမြို့နယ်မှာ မိုးစပါးကို ရွှေဘိုဘေးကျားခေါ် ရွှေဘိုပေါ်ဆန်းမွှေးစပါးကို အဓိကထား စိုက်ပျိုးကြတာပါ။ စပါးစျေးက စပါးအဟောင်း တင်း ၁၀၀ ကို ငွေကျပ် ၁၅ သိန်းဝန်းကျင်ပေါက်စျေးရှိပြီး အရောင်းအဝယ်အေးနေပါတယ်။ စပါးအသစ်ကလည်း တင်း ၁၀၀ မှ ၁၀ သန်းဝန်းကျင် ပေါက်စျေးရှိပေမယ့် အရောင်းအဝယ် သိပ်မဖြစ်သေးပါဘူး။  အရင်နှစ်တွေက တခြားနှိမ်နင်းရလွယ်ကူတဲ့ ပိုးတွေသာ ကျရောက်ခဲ့ပြီး ဒီနှစ်ကတော့ နှိမ်နင်းရခက်ပြီး ပေါက်ပွားမှုအားကောင်းတဲ့ ဖြုတ်ပိုးကျခဲ့လို့ တောင်သူတွေ အထိနာပြီး အရှုံးပေါ်ခဲ့တာပါ။ ဒါ့အပြင် စပါးပိုးကျခဲ့လို့ စပါးရိတ်သိမ်းခြွေလှေ့စက် လုပ်သူတွေလည်း အဆင်မပြေဘူးလို့ ရိတ်သိမ်းခြွေလှေ့စက် အငှားလိုက်သူ ဦးချစ်စရာက ပြောပါတယ်။ "ပင်ထောင်ဆို တရက်ကို ၁၀ ဧက ဝန်းကျင်ပြီးတယ်။ အခုက ပိုးက အရင်းက စားထားတာတွေဆိုတော့ လဲကုန်တာ။ စပါးပင်ရှိတဲ့နေရာသွားပြီး လိုက်ရိတ်နေရတာ။ သိပ်မတွင်ဘူး။ လမ်းမောင်းဆီအကုန်များနေတာ။ ဟိုနားသွားလိုက်၊ ဒီနားသွားလိုက်နဲ့။ ပြီးတော့ ၁ရက်မှ ၃ ၊ ၄ ဧကပဲ ပြီးတယ်။ ပင်ထောင်ဆို ၁ ဧက ၄၅၀၀၀ ကျပ်ရတယ်။ လဲနေတာကျတော့ ၁ ဧကကို ၅ သောင်းကျပ်ယူတယ်။ ဒါပေမဲ့ ပင်ထောင်ပဲ အငှားလိုက်ချင်တယ်။ လဲနေတာ မရိတ်ချင်ဘူး။ ကိုယ့်အတွက် မကိုက်ဘူး။ ဒီနှစ်ကတော့ အားလုံးအဆင်မပြေကြဘူး။” အခုနှစ်မိုးရာသီမှာ မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး ရာသီဥတုက အေးချိန်မှာ မအေးခဲ့တဲ့အတွက် ပိုးတွေကျရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်တွေလည်း ရေအဝင်နည်းခဲ့တာကြောင့် စိုက်ပျိုးရေလည်း လုံလောက်အောင် ပေးဝေနိုင်ခြင်း မရှိခဲ့ပါဘူး။  လာမယ့်နွေရာသီအတွက် သဖန်းဆိပ်ဆည်ကို အမှီပြုရတဲ့ လယ်ယာစိုက်ခင်းတွေကို ရေမပေးဝေနိုင်တော့တဲ့အတွက် တောင်သူတွေအနေနဲ့ စပါးအစား ရေလိုအပ်ချက်နည်းတဲ့ တခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးကြဖို့နဲ့ တခြားသော ရေရှိရေးနည်းလမ်းတွေ ရှာကြံကြဖို့ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အလိုက် ကွင်းဆင်းပြီး အသိပညာပေးတာတွေလည်း ပြုလုပ်နေပါတယ်။  ဒီပဲယင်းမြို့နယ်အတွင်းက တောင်သူတွေကတော့ ပဲတီစိမ်း၊ နွေနှမ်း စိုက်မယ့် တောင်သူတွေရှိသလို တချို့ကတော့ မြေလှန်ပြီး ဒီတိုင်း မြေပလှပ်ထားတာမျိုး လုပ်ဖို့လည်း စီမံနေကြပါတယ်။
2 years Ago
Up