စပါးခင်းများ

August 4, 2020

ကျောင်းကုန်းမြို့နယ်ရှိ စပါးခင်းများတွင် စပါးကုပ်ကျိုးရောဂါ ဖြစ်ပွားနေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ မိုးလယ်ကာလရောက်ရှိနေပေမယ့် မိုးရွာသွန်းမှုနည်းပါးလို့ တောင်သူအများစုရဲ့ လယ်မြေတွေမှာ စပါးကုပ်ကျိုးရောဂါ လက္ခဏာတွေ တွေ့ရှိနေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ လယ်မြေအများစုမှာ စပါးကုပ်ကျိုးရောဂါလက္ခဏာတွေဖြစ်တဲ့ ပျိုးခင်းမှ အနှံထွက်ချိန် အရွက်၊ ပင်စည်အနှံတွေဟာ နီညိုရောင် လွန်းပုံသဏ္ဍာန် အကွက်တွေဖြစ်ပေါ်နေတာတွေ ရှိတယ် လို့ ဒေသခံတောင်သူ ဦးဝင်းစိန်က ပြောပါတယ်။ "လယ်ယာမြေတွေမှာ အပူဒဏ်ကြောင့် ရေလိုအပ်ချက်တွေ ဖြစ်ပေါ်နေတဲ့အတွက် ငွေကြေး အဆင်ပြေသူတွေသာ ရေသွင်းစိုက်ပျိုးနိုင်လို့ အဆင်ပြေနေပြီး တခြားလယ်သမားအများစု အခက်ကြုံနေတယ်။" တောင်သူတွေအနေနဲ့ ရောဂါခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ဖို့နဲ့ အပင်စိပ်စိပ်စိုက်တာကို ရှောင်ဖို့ရောဂါလက်ခံပင်ဖြစ်တဲ့ ရိုးပြတ်တွေနဲ့ ပေါင်းတွေကို ရှင်းဖို့၊ မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးနဲ့ လူးနယ်စိုက်ပျိုးဖို့အတွက် ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးမှူး ဦးထင်ကျော်ဦးက "ရောဂါပြင်းထန်ရင် အကွက်တစ်ခုနဲ့ တစ်ခုဆက်သွားပြီး စပါးရွက်ခြောက်သွားတာ အနှံအရင်းပိုင်း ကုပ်နဲ့ အရိုးတံပေါ်မှာ အနာကွက်တွေ ဖြစ်ပေါ်လာပြီး အနှံကျိုးတာကြောင့် စပါးထွက်နှုန်းကို သိသိသာသာ ကျဆင်းလာစေမှာဖြစ်လို့ တောင်သူတွေအနေနဲ့ အလေးထားဆောင် ရွက်ဖို့လိုပါတယ်" လို့ ပြောပါတယ်။ ကုပ်ကျိုးရောဂါအခင်းမှာ ပုလဲမြေသြဇာကို လုံးဝမထည့်ပဲ ပိုတက်ရှ်မြေသြဇာထည့်ပေးဖို့နဲ့ လိုအပ်ပါက ပင်လုံးပြန့် အာနိသင်ရှိတဲ့ မှိုသတ်ဆေးတွေကို အသုံးပြုဖို့ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ သတင်း- မင်းထက်မုန်း ၊ ဓာတ်ပုံ - ဝင်းကြိုင် (ကျောင်းကုန်း)
1 year Ago

December 1, 2019

ရွှေဘို စပါးခင်းများ ဖြုတ်ပိုး ကျရောက်သဖြင့် မီးရှို့ရသည်အထိ ဆုံးရှုံးနစ်နာနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာတချို့မှာ လက်ကွက်တွေအတွင်း ဖြုတ်ပိုးခေါ်တဲ့ ဖျက်အားပြင်းပိုးတမျိုး ကျရောက်နေတာကြောင့် တောင်သူတွေဟာ စပါးခင်းတွေ မီးရှို့ရတဲ့အထိ ဆုံးရှုံးနစ်နာနေကြရပါတယ်။  ဖြုတ်ပိုးက ရွှေဘိုခရိုင်အတွင်း လွန်ခဲ့တဲ့ ၁ လကျော်ကတည်းက ကျရောက်နေတာ ဖြစ်ပါတယ်။  ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာက တောင်သူ ဦးဖိုးသဲက "လောလောဆယ်တော့ ရိုးရာမီးထောင်ချောက်တွေလည်း လုပ်တယ်။ ဆေးလည်းဖျန်းတယ်၊ မနိုင်ဘူး။ ကျနော်တို့ရွာတွေနားကတော့ တောင်သူတိုင်းလိုပဲ ပိုးဒဏ်ခံရတာပဲ။ ဒီတိုင်းပစ်ထားရင် လယ် ၁ ဧကကို ၅ ရက် မကြာလောက်ဘူး။ အဲလောက်ကို ဖျက်ဆီးပျံ့နှံ့မှု အားကောင်းတယ်။ တချို့ဆို နွားစာတောင် မရတော့လို့ လယ်တွေ မီးရှို့တာတောင် ရှိတယ်။ ဒီနှစ်အတွက်ကတော့ တောင်သူတွေ ဆုံးရှုံးမှုများပါတယ်" လို့ ပြောပါတယ်။ အရင်နှစ်က ဖလံဖြူပိုးသာ ကျရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ဖြုတ်ပိုး အဓိကကျရောက်လာတာပါ။ အခုလိုဖြစ်ရတာက ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။  ဖြုတ်ပိုးက ရွှေဘိုမြို့နယ်တင်မက ဝက်လက်၊ ဒီပဲယင်း၊ ကောလင်း၊ ရေဦး၊ ခင်ဦး စတဲ့မြို့နယ်တွေမှာလည်း ကျရောက်ခဲ့ပါတယ်။ ဖြစ်ပိုး‌‌ကြောင့် အထွက်နှုန်းနဲ့ စပါးအရည်အသွေးတွေလည်း ကျဆင်းသွားတယ်လို့ ဒီပဲယင်းမြို့နယ်၊ မူးအုန်းကျေးရွာက တောင်သူ ဦးချစ်စရာက ပြောပါတယ်။ “ကျနော်တို့ဆီက ကျတာ နည်းနည်းစောတယ်။ ဆေးဖိုးကုန်ကျစရိတ်တော့ များတယ်။ လုံးဝ ဆုံးရှုံးတာတွေလည်း ရှိတယ်။ အခုတော့ နိုင်သွားပြီ ပြောလို့ရတယ်။ မကြာခင်လည်းစပါးတွေ ရိတ်ကြရတော့မယ်။ စပါးမှည့်ချိန်လည်း ကြာတယ်။ အနှံတွေလည်းပေါ့သွားတယ်။ အထွက်နှုန်းကလည်း သုံးချိုးတချိုးလောက်ကျသွားဖို့ ရှိတယ်။" ဖြုတ်ပိုး ကျရောက်နေမှုပေါ် စိုက်ပျိုးရေးဦးစီးဌာနကတော့ သက်ဆိုင်ရာ မြို့နယ်လိုက် ကွင်းဆင်းကာ အသိပညာပေး ဟောပြောတာတွေ လုပ်ဆောင်နေပါတယ်။  တချို့မြို့နယ်တွေမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ကာ ရာသီဥတု ပြောင်းလဲမှုအပေါ် စိုက်ပျိုးနည်းစနစ်‌တွေ ပြောင်းလဲကြဖို့ကိုလည်း ဟောပြောတာတွေ ရှိနေပါတယ်။‌  ရွှေဘိုခရိုင်အတွင်း မိုးစပါးကို ရွှေဘိုပေါ်ဆန်းခေါ် ဘေးကြားစပါးတွေကို အဓိကစိုက်ပျိုးကြတာပါ။ ရွှေဘိုပေါ်ဆန်းမွှေးစပါးက စပေါ်စမှာ စပါးတင်းတစ်ရာကို ကျပ်ဆယ်သိန်းဝန်းကျင်ရှိပြီး အဟောင်းဆိုရင် ၁၆ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိနေပါတယ်။  ပုံမှန်အားဖြင့် တစ်ဧကကို စပါးတင်း ၈၀ ဝန်းကျင်ထွက်ကာ ဒီနှစ်မှာတော့ အထွက်နှုန်း သိသိသာသာကျဆင်းသွားမယ်လို့ တောင်သူတွေက ဆိုပါတယ်။  ဒီနှစ်အတွက် ရာသီဥတု ပြောင်းလဲမှုအနေနဲ့လည်း မိုးခေါင်ခဲ့ကာ ဆည်ရေတွေ ဝင်‌ရောက်မှုနည်းခဲ့ပြီး စိုက်ပျိုးရေလည်း လုံလောက်အောင် ပေးဝေနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။  လက်ရှိမှာလည်း ဆောင်းလယ်ရောက်လာပြီး ရာသီဥတုက အေးချိန်မှာ မအေးတာကလည်း ဖြုတ်ပိုးပေါက်ပွားမှုကို အားပေးရာရောက်နေတယ်လို့ ဆိုကြပါတယ်။  ဖြုတ်ပိုးက အခုလိုသာ ဆက်လက်ကျရောက်နေပြီး အချိန်မီ မနှိမ်နင်းနိုင်ရင် တောင်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ကြုံ‌‌တွေ့ဦးမှာ ဖြစ်ပါတယ်။
2 years Ago
Up