စပါအုံးမြွေကြီး သတ်ဖြတ် စားသောက်ခံရ

October 5, 2017

လုံခြုံရေးဝန်ထမ်းနှင့် တိုက်ခိုက်သည့် စပါအုံးမြွေကြီး သတ်ဖြတ် စားသောက်ခံရ

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ စပါးအုံးမြွေကြီးတကောင်ကို လူတွေက သတ်ဖြတ် စားသောက်လိုက်ကြတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က ဆူမားတြားကျွန်း ဘာတန်ဂန်ဆယ်ခရိုင်မှာ ဆီအုန်းပင် စိုက်ပျိုးရေး လမ်းမထက် လုံခြုံရေးဝန်ထမ်း ရောဘာ့တ်နာဘာဘန်က မြွေကြီးကို စမြင်ခဲ့တာလို့ ဆိုပါတယ်။   ၂၆ ပေအရှည်ရှိတဲ့ မြွေကြီးကို မစ္စတာနာဘာဘန်က ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် မြွေကြီးက နာဘာဘန်ကို ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ မြွေနဲ့လူ အချိန်အတန်ကြာအောင် တိုက်ခိုက်ခဲ့ကြရပြီး နောက်ဆုံးမှာ အခြား ရွာသားတွေအကူအညီနဲ့ မြွေကို သတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မစ္စတာနာဘာဘန် ဒဏ်ရာ အပြင်းအထန်ရခဲ့သလို မြွေကိုလည်း ရွာထဲမှာ ကြိုးချည်ပြထားပြီးတဲ့နောက် ဒေသခံတွေက ခုတ်ပိုင်း ကြော်စားလိုက်ကြပါတယ်။ “ကျနော် မြွေကို ဖမ်းဖို့လုပ်တယ်၊ ကျနော့်လက်ကို လှမ်းကိုက်တော့ ကျနော်လည်း မြွေကို နပန်းဝင်လုံးလိုက်တယ်” လို့ နာဘာဘန်က အင်ဒိုနီးရှားသတင်းဌာန ဒီတစ်ကို ပြောပါတယ်။ ဘာကြောင့်မြွေကို ဖမ်းတယ်ဆိုတဲ့ တိကျတဲ့ အကြောင်းပြချက် မပြောပေမယ့် လမ်းပေါ်က မြွေကြောင့် ရွာသားတွေ လမ်းကူးလို့ မရတော့ဘူးလို့ နာဘာဘန်က ပြောပါတယ်။ လမ်းကို ရှင်းပြီး ကြောက်လန့်နေတဲ့ ရွာသားတွေ အန္တရာယ်ကင်းဖို့ မြွေကို ဖမ်းတယ်လို့လည်း သတင်းဌာန အတော်များများက ထုတ်ပြန်ထားပါတယ်။ မြွေက နာဘာဘန်ရဲ့ ဘယ်လက်ကို ပေါက်လိုက်ပြီး မြွေသွား နစ်ဝင်သွားလို့ ဒဏ်ရာက ပြင်းထန်တယ်လို့ ဒေသခံရဲတွေကလည်း အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ မစ္စတာနာဘာဘန်ကို ပက်ခန်ဘာရူဆေးရုံကို ပို့ဆောင်လိုက်ရပြီး ကုသနေဆဲလို့ ခရိုင်အစိုးရ အကြီးအကဲက ပြောလိုက်ပြီး ဒဏ်ရာပြင်းထန်လို့ မစ္စတာနာဘာဘန်ရဲ့ လက် ဖြတ်ကောင်းဖြတ်ရနိုင်တယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ အောက်တိုဘာလ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up