စနဲမြို့

December 22, 2020

အဆမတန်ဈေးမြင့်နေသည့် ရေမီတာလစဉ်ကြေး လျှော့ချပေးရန်  စနဲမြို့ခံများ တောင်းဆို

ကိုဗစ်ကာလ ဒေသခံတွေ စီးပွားရေးကျပ်တည်းနေတာကြောင့် စနဲမြို့မှာ အဆမတန်ဈေးမြင့်နေတဲ့ ရေမီတာလစဉ်ကြေးကို လျှော့ချပေးပြီး အများပြည်သူအသုံးပြုနိုင်မယ့် သင့်တင့်တဲ့ နှုန်းထားနဲ့ ကောက်ခံပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှာ အောက်တိုဘာလက စတင်ပြီး စည်ပင်သာယာရေးအဖွဲ့က ရေမီတာ တပ်ဆင်ပြီး လစဉ်ကြေးကို ၁ ယူနစ် ကျပ် ၂၀၀ နှုန်းနဲ့ အဆမတန်ဈေးမြင့်ကောက်ခံနေတာလို့ ဒေသခံတွေက မြို့ခံ ဦးလှဝင်းက ပြောပါတယ်။ “အခု ကျနော်တို့ ရပ်ရွာမှာက ၁ ယူနစ်ကို ၂၀၀ နှုန်းနဲ့ ကောက်ခံလိုက်တဲ့အခါ တချို့အိမ်တွေက ၁၀၀၀၀ ကျော် ကျော်ကျတဲ့ အိမ်ရယ်၊ တချို့အိမ်တွေက ၅၀၀၀၊ ၆၀၀၀ ကျတဲ့အိမ်တွေရယ် တွေ့နေရတဲ့အခါ မရှိဆင်းရဲသားတွေ အခုကိုဗစ်ကာလမှာ စားရေးသောက်ရေး နေရေးထိုင်ရေး တော်တော်လေး အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် ဒီရေကောက်တဲ့နှုန်းသည် အင်မတန်မှမြင့်မားနေတာကြောင့်မို့ ဒီလိုမမြင့်မားအောင် စည်ပင်သာယာရေးအနေနဲ့ ဒီဟာကို ချင့်ချိန်ပြီး ရှေ့ဆက်ပြီးတော့ အလုပ်လုပ်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။ စနဲမြို့ဟာ မြို့လို့ဆိုပေမဲ့ ပြောင်းလဲခါစ ရွာအဆင့်လောက်ပဲရှိပြီး လက်လုပ်လက်စားတွေများတာကြောင့် ကိုဗစ်ကာလမှာ လျှပ်စစ်မီတာခကို နိုင်ငံတော်က ဖြေလျော့ပေးထားသလို ရေမီတာခကိုလည်း ဖြေလျှော့ပေးစေလို့တယ်လို့ စနဲမြို့ခံ ကိုမင်းထွန်းက ပြောပါတယ်။ ပြည်နယ်စည်ပင်ရဲ့ သတ်မှတ်ချက်နဲ့အညီ ရေမီတာ ၁ ယူနစ်ကို ၂၀၀ ကျပ်နဲ့ ကောက်ခံတာဖြစ်ပြီး အများပြည်သူအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ စနဲမြို့စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးမြင့်ချိုက ပြောပါတယ်။  “အဲဒါကတော့ ကျနော်တို့တပ်တာ မဟုတ်ပါဘူး၊ ကော်မတီက တပ်တာပါ။ ပြည်နယ်ရဲ့  ဘိုင်လော စည်းမျဉ်းစည်းကမ်းမှာက ပါပြီးသားလေ၊ ၁ ယူနစ်ကို ၂၀၀ ပါ။ ၁ ယူနစ် ၂၀၀ ဆိုရင် ၂၀၀ သုံးစွဲသလောက် ယူနစ်တက်တဲ့ နှုန်းထားတိုင်းပဲ ကောက်တာပါခင်ဗျား။ နောက်တော့ ကျနော်တို့ ကော်မတီအစည်းအဝေးတွေ လုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်” လို့ ပြောပါတယ်။ စနဲမြို့မှာ အများပြည်သူအသုံးပြုနိုင်ဖို့ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရေကန်ကြီးတစ်ကန် တူးဖော်ပေးခဲ့ပြီး ဒေဝူးကုပ္ပဏီက ပေပေါင်း ၁၅၀၀ အရှည်ရှိတဲ့ ရေပိုက်တခုကို လှူဒါန်းပေးခဲ့တာပါ။ ဒေသခံတွေက မိမိနေအိမ်အရောက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ရေပိုက်သွယ်တန်းကာ အသုံးပြုခဲ့ကြပြီး ရပ်ကွက်တွေမှာ ရေကော်မတီဖွဲ့စည်းကာ ၁ လကို ၂၀၀၀ ကျပ်နဲ့ အသုံးပြုခဲ့ကြရာကနေ အောက်တိုဘာလမှာ စည်ပင်သာယာရေးအဖွဲ့က ရေမီတာ တပ်ဆင်ပြီး လစဉ်ကြေး စတင်ကောက်ခံခဲ့တာပါ။
12 months Ago

October 29, 2020

စနဲမြို့အနီး တပ်မတော်ယာဉ်မိုင်းဆွဲခံရပြီးနောက် သံသယဖြင့် ဖမ်းထားသူ ၂ ဦးကို အမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စနဲမြို့အနီးမှာ တပ်မတော်ယာဉ်မိုင်းဆွဲခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။ စနဲမြို့အနီးမှာ အောက်တိုဘာ ၂၁ ရက် မနက်က တောင်မော်ကြီး ရေတပ်စခန်းကိုသွားတဲ့ တပ်မတော်ယာဉ် ၁ စီး မိုင်းဆွဲခံရပြီး တပ်မတော်သားအချို့ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေး လုပ်ဆောင်နေစဉ် နေ့လယ် ၁ နာရီကျော်မှာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူ ၂ ဦးကို တပ်မတော်က အောက်တိုဘာ ၂၆ ရက်နေ့ညနေက ကျောက်ဖြူမြို့မရဲစခန်းကို ပို့ဆောင်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်လှစ်ထားတာလို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ “အောက်တိုဘာလ ၂၆ ရက်နေ့က ညနေမှာ လာပို့တာပါ၊ သူတို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)(ဈ)(ည)/၅၂(က) ပေါ့။ တယောက်က မိုးပျံ (ခ) မောင်မောင်ချေ၊ နောက်တစ်ယောက်ကတော့ အောင်မိုးလွင်(ခ) ညီညီတို့ နှစ်ဦးပါ။” ဖမ်းဆီးအမှုဖွင့်ခံရသူ ကိုအောင်မိုးလွင်အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဦးလေးဖြစ်သူ ဦးခင်မောင်စိုးက ပြောပါတယ်။ “ကျနော့်တူက ဆိုင်ကယ်ကယ်ရီမောင်းတယ်၊ အဲဒီနေ့က ပထမ သူ့အစ်ကိုက ဒွေးချရွာကို လိုက်ပို့ခိုင်းလို့ လိုက်ပို့တယ်။ အဲဒီမှာ မိုးပျံနဲ့တွေ့ပြီးတော့ စနဲမှာ အရက်ဝယ်သွားဖို့ ခေါ်လို့ လိုက်သွားခဲ့တယ်။ ညနေထိပြန်မရောက်လာလို့ မိသားစုတွေက စုံစမ်းကြည့်တော့မှ ဖမ်းဆီးခံရတာကို သိတာပါ။ အခုဆိုရင် အဘိုး၊ အဘွားတွေကလည်း သူပြန်မရောက်လာလို့ အရမ်းကို စိုးရိမ်နေကြတာပေါ့။ အဖိုးအဘွားတွေက အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးကလည်း မကောင်းကြဘူး၊ ဖြစ်နိုင်ရင်ပြန်လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ်မှာ ၂၀၂၀ မေလနောက်ပိုင်းကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူ ၅၀ လောက်ရှိပြီး တချို့ကို ပြန်လည်လွှတ်ပေးခဲ့ကာ အမှုဖွင့်လှစ် တရားစွဲဆိုခံနေရသူက ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ နောင်နောင်
1 year Ago
Up