စနိုက်ဒါ

January 9, 2018

ဟော်လန်ကစားသမား စနိုက်ဒါ ကာတာကလပ်သို့ ပြောင်းရွှေ့

ဟော်လန်ကစားသမား ဝက်စ်လေစနိုက်ဒါဟာ ကာတာကလပ် အယ်ဂါရာဖာအသင်းဆီ ပြောင်းရွှေ့ကစားမှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန် ကစားသမားဟောင်း စနိုက်ဒါဟာ ဒီနှစ်ရာသီမှာ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ၅ ပွဲ ပါဝင်ကစားခဲ့ပေမယ့် အခုအပြောင်းအရွှေ့မှာ ၁၈ လ စာချုပ်သက်တမ်းနဲ့ ကာတာကလပ်ဆီ ပြောင်းရွှေ့ခဲ့တာပါ။ ကာတာမှာ သွားရောက်ကစားရတာဟာ ပျော်ရွှင်နှစ်သက်စရာတွေနဲ့အတူ စိန်ခေါ်မှုတချို့လည်း ရှိတာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ စနိုက်ဒါက ပြောပါတယ်။ ကာတာကလပ် အယ်ဂါရာဖာအသင်းဟာ အသင်း ၁၁ သင်း ကစားနေတဲ့ ကာတာစတားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ စနိုက်ဒါဟာ ၂၀၁၃ ခုနှစ်က အင်တာမီလန်ကနေ တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်သွားလို့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဟော်လန်အသင်းရဲ့ ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ စနိုက်ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီး ငွေဘောလုံးဆု ရရှိခဲ့တဲ့အထိ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။
4 years Ago
Up