ရှမ်း- ကယားနယ်စပ်၊ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စနိုက်ပါသမား ၁ ဦးကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ မနက် ၈ နာရီခွဲလောက်က စည်ကားရပ်ကွက်နဲ့ ကုန်းဆုံကျေးရွာကြားမှာ မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သစ်ပင်ပေါ် နေရာယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါသမား ၁ ဦးအား ပစ်ချနိုင်ခဲ့တာလို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းအချိန် မိုးဗြဲမြို့တိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၁ ဦး လည်ပင်း ကျည်ထိမှန်သေဆုံးပြီး တဦးက ပခုံးကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ Mobye PDF၊ Pekhon PDF၊ Loikaw PDF၊ KNDF နဲ့ URF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့အနေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိတိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။
ရန်ကုန် စမ်းချောင်းတွင် ဆန္ဒပြပြည်သူများကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေစဉ် စနိုက်ပါနဲ့ ချိန်ရွယ်နေတဲ့ ဗွီဒီယိုဖိုင်တခု အွန်လိုင်းမှာ ပျံ့လာပါတယ်။
စနိုက်ပါ သေနတ်သမားဟာ ပလက်ဖောင်းမှာ လှဲပြီး ဒေါက်ပါတဲ့ သေနတ်နဲ့ ကြွေးကြော်သံတွေ ကြားနေရတဲ့ဘက်ကို ချိန်ရွယ်နေတုန်း ဘေးမှာ နှစ်ယောက်က အကာအကွယ်ပေးပြီး ပစ်မှတ်ကို ညွှန်ပြနေတာ ရုပ်သံဗီဒီယိုမှာ တွေ့ရ ပါတယ်။