စတော့အိတ်ချိန်းတိုက်ခိုက်ခံရမှု

July 1, 2020

စတော့အိတ်ချိန်းတိုက်ခိုက်ခံရမှု အိန္ဒိယအပေါ် သံသယမရှိဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြော

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့က စတော့အိတ်ချိန်း အဆောက်အအုံကို တိုက်ခိုက်မှု နောက်ကွယ်မှာ အိန္ဒိယရှိနေတယ်လို့ သံသယမရှိတဲ့အကြောင်း  ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန်ခန်းက ဇွန် ၃၀ က ပြောလိုက်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာတဲ့ သေနတ်သမား ၄ ယောက်က ပါကစ္စတန် စတော့အိတ်ချိန်း အဆောက်အအုံကို ဇွန် ၂၉ ရက်က တိုက်ခိုက်လို့ အစောင့် ၂ ယောက်နဲ့ ရဲ ၁ ယောက် သေဆုံးပြီး လုံခြုံရေးတပ်တွေက တိုက်ခိုက်သူတွေကို အသေဖမ်းမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်အတွက် သက်သေကို ဝန်ကြီးချုပ်က ထုတ်မပြပေမဲ့ ပါကစ္စတန်မှာ တိုက်ခိုက်မယ့် သတိပေးချက်ကို ထောက်လှမ်းရေးက အစီရင်ခံထားခဲ့သလို ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အစိုးရကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်က ခွဲထွက်ရေး သူပုန်အုပ်စု (BLA) က တိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကနေ အခိုင်အမာ ပြောပါတယ်။ ပါကစ္စတန် ထောက်လှမ်းရေးဟာ အစ္စလာမ်မာဘတ်မြို့တော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ၂ ကြိမ် အပါအဝင် တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းကို အောင်အောင်မြင်မြင် ကြိုတင်ဖယ်ရှားနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ သတ္တုကြွယ်ဝတဲ့ ဘာလူချီစတန်ပြည်နယ်ကို ပိုချမ်းသာပြီး သြဇာကြီးတဲ့ ပြည်နယ်တွေက မမျှတအောင် အမြတ်ထုတ်နေတယ်လို့ မကျေမနပ်ပြောရင်း ခွဲထွက်ရေးသမားတွေက တိုက်ခိုက်နေတာ နှစ်ချီ ကြာနေပါပြီ။ အဲဒီခွဲထွက်ရေးသမားတွေကို အိန္ဒိယအစိုးရက ပံ့ပိုးနေတယ်လို့ ပါကစ္စတန်က ပုံမှန် စွပ်စွဲ ပြစ်တင်လေ့ရှိပြီး အိန္ဒိယကတော့ စွဲချက်ကို ငြင်းထားပါတယ်။
11 months Ago
Up