စတော့ရှယ်ယာ ထိုးကျ

March 21, 2020

အမေရိကန် ထိပ်တန်းကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာ ထိုးကျ

အမေရိကန် ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ စတော့ရှယ်ယာတွေတန်ဖိုးကို ဖော်ပြနေတဲ့ ဒေါင်းဂျုန်းစ်စက်မှုလုပ်ငန်း အညွှန်းကိန်းဟာ မတ်လ ၂၀ ရက်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။  ရိုက်တာသတင်းအရ ဒီလို ဒေါင်းဂျုံးစ် အပါအဝင် ထိပ်တန်းရှယ်ယာအညွှန်းကိန်းသုံးခုစလုံး အနည်းဆုံး ၁၂ ရာခိုင်နှုန်းလောက် ကျဆင်းမှုဟာ ဝေါလ်စထရိဈေးကွက်ကိုလည်း ၂၀၀၈ ကစလို့ အဆိုးဆုံးဈေးကျတဲ့ ရက်သတ္တပတ်ကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။  အမေရိကန်မှာ အခုအခါ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေထိုင်သွားလာမှုတွေနဲ့ မရှိမဖြစ် မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားခိုင်းနေပါတယ်။  ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အလုပ်လက်မဲ့နှုန်းဟာ အမေရိကန်မှာ ဒီတပတ်အတွင်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာပြီး စားသောက်ဆိုင်လုပ်ငန်းလောကတခုတည်းမှာ လာမယ့်သုံးလအတွင်း အလုပ်နေရာပေါင်း ၇ သန်းလောက် ဆုံးရှုံးနိုင်တယ်လို့ နိုင်ငံလုံးဆိုင်ရာ စားသောက်ဆိုင်များအဖွဲ့က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဒယ်လ်တာလေကြောင်းလိုင်းကလည်း ဒုတိယသုံးလပတ်ဘဏ္ဍာရေးကာလမှာ ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးမယ်လို့ ထုတ်ဖော်ထားပြီး  ယူနိုက်တက်လေကြောင်းကလည်း အစိုးရက ထောက်ပံ့မှုတွေမပေးရင် ဧပြီလထဲ အလုပ်သမားဦးရေ လျှော့ချရတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။  ဒီလေကြောင်းလိုင်းနှစ်ခုစလုံးရဲ့ ရှယ်ယာတွေဟာလည်း ဒီအပတ်အတွင်းမှာပဲ သုံးဆယ်ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တာပါ။
2 years Ago
Up