စတော့ဈေးကွက်

May 19, 2022

ဒစ်ဂျစ်တယ်ငွေကြေး တန်ဖိုးကျဆင်းမှု မြန်မာအတွက် သက်ရောက်မှုမရှိနိုင်ဟု ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ သုံးသပ်

နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ရောင်းဝယ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ တန်ဖိုး ထိုးကျနေပေမဲ့ မြန်မာနိုင်ငံအတွက်တော့ သက်ရောက်မှုက အလှမ်းဝေးပါတယ်လို့ စတော့နဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကမ္ဘာ့ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်ကြီးမှာ ဈေးကွက်ဝေစု အကြီးဆုံးရရှိထားတဲ့ ဘစ်ကွိုင် ငွေကြေး (Bitcoin) နဲ့ အီသာ ငွေကြေး (Ether) တို့ရဲ့ တန်ဖိုးတွေဟာ အခုနှစ် မေလအတွင်းထဲမှာ ကျဆင်းမှု ရှိခဲ့တာပါ။

ဒါကြောင့် နိုင်ငံတကာမှာ ရောင်းဝယ်နေကြတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတန်ဖိုးတွေ ကျဆင်းမှုရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက်ကတော့ အလှမ်းဝေးနေပါသေးတယ်လို့ စတော့နဲ့ ငွေကြေးဆိုင်ရာ သုတေသီတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာပြည်အတွက် ဘာသက်ရောက်မှု (impact) က မရှိနိုင်ပါဘူး။ ပြီးတော့ သူတို့က unregulated market မှာ သူ့ဟာသူ တန်ဖိုးသင့်ပြီးတော့ အရောင်းအဝယ် ဖြစ်နေတာလေ။ ပြီးတော့ သူ့ရဲ့ပရိသတ်ကလည်း သီးသန့်ပရိသတ်ပေါ့။ မြန်မာပြည်မှာလည်း အဲဒီအပိုင်းမှာ ရင်းနှီးမြှုပ်နှံတာက အတော်နည်းပါတယ်။ အတော်နည်းတယ်ဆိုတော့ သက်ရောက်မှု (impact) က မရှိနိုင်ပါဘူး။ နောက်တချက်က ဒစ်ဂျစ်ငွေကြေး တန်ဖိုးတွေ ကျလို့ စတော့ဈေးကွက်ထိတာ မဟုတ်ဘူး။ စတော့ဈေးကွက်ထိလို့ ဒစ်ဂျစ်တယ်ငွေကြေး တန်ဖိုးတွေက ကျတာ။ ဒါကြောင့် ဒစ်ဂျစ်တယ်ငွေကြေးက ဘာကိုမျှ ဦးမဆောင်ဘူး။ သူက အနောက်ကနေ တရွတ်တိုက်လိုက်တာပဲ ရှိတယ်။ သူများဖြစ်လို့ သူထိတာနော်။ စတော့ဈေးကွက် မကောင်းလို့ သူက အဲဒီလိုဖြစ်တာ။ သူက အဖြည့်ခံအဆင့်ပဲရှိတယ်။ ဒါကြောင့် သူ့ကြောင့် ဘာမှဖြစ်စရာအကြောင်း မရှိဘူး။ အဝေးကြီးနော်။ ပြီးတော့ သူတို့နိုင်ငံတွေမှာလည်း ဒီလောက်ကြီး မဟုတ်ဘူး။ ပမာဏ (amount) ကြီးတယ် ဆိုပေမဲ့ တခြားဟာတွေနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ပမာဏက ဘာမှမဟုတ်ဘူးနော်။ ဒါကြောင့် သက်ရောက်မှု (impact) ဖြစ်လာစရာ မရှိဘူး။”

စီးပွားရေးသုတေသီတဦးကလည်း “ကမ္ဘာ့ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ ဒစ်ဂျစ်တယ်ငွေကြေး တန်ဖိုးတွေက အခုဆိုရင် ကျနေတယ်ပေါ့။ ဒါပေမဲ့ ဒီသက်ရောက်မှုက မြန်မာနိုင်ငံအတွက်ကတော့ မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆို ဒီမှာရှိတဲ့ လူငယ်တွေက အပျော်သဘော ဝယ်ထားတာလောက်ပဲ ရှိတာပါ။ တခြားတွေနိုင်ငံတွေမှာလို ပမာဏများများ မရှိဘူးနော်။ ပြီးတော့ (cryptocurrency) ခရစ်တိုငွေကြေးက မြန်မာပြည်မှာ ဈေးကွက်မကြီးတဲ့အတွက် သူ့ရဲ့ ဈေးကွက်ပေါက်ဈေးကလည်း ဘယ်လောက်မှ မရှိဘူးနော်။ ဒါကြောင့် သက်ရောက်မှု (impact) ဖြစ်လာနိုင်စရာ မရှိပါဘူး။ အဝေးကြီးပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်မှာ ဈေးကွက်ဝေစု အများဆုံးရရှိထားတဲ့ ဘစ်ကွိုင်ငွေကြေး (Bitcoin) တန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စံချိန်တင်ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆၉,၀၀၀ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ ၂၉,၆၂၃ အထိ ကျဆင်းသွားတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်း ကျဆင်းမှု ရှိခဲ့ပါတယ်။

အလားတူ ဈေးကွက်ဝေစု ဒုတိယရရှိထားတဲ့ အီသာငွေကြေး (Ether) တန်ဖိုးကလည်း အခုနှစ် ဇန်နဝါရီနှောင်းပိုင်းကစလို့ ကျဆင်းခဲ့တာ လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ၂,၂၄၅ သာ ရှိပါတော့တယ်။

မြန်မာနိုင်ငံမှာ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ငွေကြေးပေးချေမှုစနစ်တွေ ပိုမိုကောင်းမွန်စေဖို့နဲ့ လွယ်ကူလျင်မြန်စေဖို့အတွက် ဒစ်ဂျစ်တယ်ငွေကြေးတခုဖြစ်တဲ့ USD Tether (USDT) ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင် အသိအမှတ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

10 months Ago

February 5, 2022

ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta ကုမ္ပဏီ၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထိ ကျဆင်း

အမေရိကန်စတော့ဈေးကွက်မှာ ဖေဖော်ဝါရီ ၃ ရက်က ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta ကုမ္ပဏီရဲ့ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထိ ထိုးစိုက်ကျဆင်းသွားတဲ့သတင်းက  နိုင်ငံတကာဈေးကွက်မှာ  အတော့်ကို ဂယက်ရိုက်ခဲ့ပါတယ်။ 

ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Amazon တို့ အမြတ်တွေ ကြီးကြီးမားမား ရရှိနေချိန်မှာ Meta က သူ့ရဲ့ဈေးကွက်တန်ဖိုး ၅ ပုံ ၁ ပုံ၊ ဒေါ်လာ ၂၀၀ ဘီလီယံ ဆုံးရှုံးခဲ့တာပါ။

Wall Street စတော့ဈေးကွက်မှာ  ဖေ့စ်ဘွတ်ခ်စတင်ခဲ့တဲ့ ၂၀၁၂ ကတည်းဆိုရင် တရက်အတွင်း အကြီးမားဆုံး ဆုံးရှုံးမှုပါ။ Meta  ရှယ်ယာတန်ဖိုး ကျဆင်းမှုက ဥရောပ နည်းပညာစတော့ဈေးကွက်တွေကိုလည်း အများကြီး ရိုက်ခတ်ခဲ့ပါတယ်။ 

Meta ကုမ္ပဏီရဲ့ အစီရင်ခံချက်ကတော့ ပြိုင်ဘက် တရုတ် ByteDance ကုမ္ပဏီပိုင်ဆိုင်တဲ့ TikTok ဗီဒီယိုတွေကို ကမ္ဘာတဝန်းက လူငယ်တွေ ပိုမိုအသုံးပြုလာတာကြောင့် ပြီးခဲ့တဲ့သုံးလအတွင်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူဦးရေ ကျဆင်းခဲ့မှု၊  Apple ကုမ္ပဏီ ရဲ့ privacy မူဝါဒအပြောင်းအလဲ လုပ်ဆောင်မှုနဲ့ ဖေ့စ်ဘွတ်ခ်လုပ်ငန်းအပေါ် အမေရိကန်ဗဟိုဘဏ်ရဲ့ တင်းကျပ်ထားမှုတို့ကြောင့်လို့ အပြစ်တင်ထားပါတယ်။ 

ကမ္ဘာ့ ဈေးကွက်သုတေသနကုမ္ပဏီ Vanda ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဖေ့စ်ဘွတ်ခ်ကနေ Meta ကုမ္ပဏီနာမည်ပြောင်းပြီးကတည်းက ရှယ်ယာတွေ တဖြည်းဖြည်း ထိုးဆင်းသွားခဲ့တယ်လို့ သုံးသပ်ပါတယ်။

1 year Ago
Up