မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တန်းဆင်းဇုန်ထဲက ဆောက်သမ်တန်နဲ့ ၀က်စ်ဘရွန်းအသင်းတို့ အနိုင်ရပြီး စတုတ်စီးတီးအသင်းက သရေကျသွားပါတယ်။
စတုတ်စီးတီးအသင်းကတော့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာပါ။ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ အပြတ်သတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် တန်းမဆင်းရရေး ရုန်းကန်နေတဲ့ စတုတ်စီးတီးအသင်းရဲ့ ကြိုးစားရုန်းကန်မှုကြောင့် သရေရလဒ်သာ ရရှိခဲ့တာပါ။
ဆောက်သမ်တန်အသင်းကတော့ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဘုန်းမောက်အသင်းက အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်အတွက် ဂိုးတွေကိုတော့ ဒူဆန် တာဒစ်က ပွဲချိန် ၂၅ နဲ့ ၅၄ မိနစ်တွေမှာ ၂ ဂိုးလုံး သွင်းယူခဲ့တာပါ။ ဘုန်းမောက်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ ဂျိုရှုကင်းက သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
တန်းဆင်းဇုန်အောက်ဆုံးက ၀က်စ်ဘရွန်းအသင်းကတော့ နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
နယူးကာဆယ်ဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ၀က်စ်ဘရွန်းအသင်းက ပိုမိုအခွင့်အရေး ရရှိခဲ့ပါတယ်။ ၀က်စ်ဘရွန်းအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၂၉ မိနစ်မှာ ဖိလစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အမှတ်ပေးဇယားမှာတော့ ၃၆ ပွဲစီကစားထားပြီး စတုတ်စီးတီးက ရမှတ် ၃၀ နဲ့ အဆင့် ၁၉၊ ၀က်စ်ဘရွန်းအသင်းက ၂၈ မှတ်နဲ့ အဆင့် ၂၀၊ ဆောက်သမ်တန်ကတော့ ၃၅ ပွဲကစား ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
တန်းဆင်းဇုန်အထက်မှာတော့ ဆွမ်ဆီးအသင်းက ၃၅ ပွဲကစား ရမှတ် ၃၃ မှတ် ရတည်နေပြီး ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတာ လက်ကျန်ပွဲတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
3 years Ago