စတီဖင်ဗွန်ဒတ်ဆဲလ်

A d v e r t i s e m e n t With Us

April 8, 2020

ရည်ရွယ်ချက်ရှိရှိ တမင်တကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့သည့် ဂျာမန်မြို့တော်ဝန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေကို တတ်နိုင်သလောက် လျှော့ချဖို့အတွက် သီးသန့်နေဖို့ကို တကမ္ဘာလုံးမှာရှိတဲ့ ကျန်းမာရေးပညာရှင်တွေက ညွှန်ကြားထားပေမယ့် ဂျာမနီ မြို့တော်ဝန်တဦးကတော့ ဒီညွှန်ကြားချက်တွေနဲ့ ပြောင်းပြန်ဖြစ်မယ့်အရာကို ပြုလုပ်ခဲ့ပါတယ်။  သူဟာ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ဒဏ်ကို  ခံနိုင်ရည်ရှိဖို့အတွက် ဗိုင်းရပ်စ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကူးစက်ခံခဲ့တာပဲ ဖြစ်ပါတယ်။  ဘာလင်ခရိုင်မြို့တော်ဝန် စတီဖင်ဗွန်ဒတ်ဆဲလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို တမင်တကာ ကူးစက်ခံခဲ့ပါတယ်ဆိုတဲ့ ထုတ်ပြန်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံမှာ အငြင်းပွားမှုတွေကို တော်တော်လေး ဖြစ်စေခဲ့သူ ဖြစ်ပါတယ်။ သူဟာ အခုအချိန် ဗိုင်းရပ်စ်ကူးခံထားရတယ်ဆိုရင် မြန်မြန် သက်သာ  ပျောက်ကင်းပြီး သူများတွေ ဗိုင်းရပ်စ်ကူးချိန်မှာ ကိုယ်ခံအားကောင်းကောင်းနဲ့ အလုပ်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ တမင်တကာကို သူ့လက်တွဲဖော်ဆီကနေ ဗိုင်းရပ်စ်ကို ကူးစက်ခံလိုက်တာပဲ ဖြစ်ပါတယ်။  သူ့လုပ်ရပ်ဟာ ကျန်းမာရေးပညာရှင်တွေ၊ သက်ဆိုင်ရာအစိုးရတွေရဲ့ ညွှန်ကြားချက်နဲ့ သိသိသာသာကို လွဲမှားနေတာ ဖြစ်ပေမယ့် မြို့တော်ဝန်ကတော့ ဒီလုပ်ရပ်ဟာ ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုပါတယ်။ ဒါ့အပြင် သူဟာ ဗိုင်းရပ်စ်ကို အထင်သေးပြီး ဒီလို ကူးစက်ခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း ဝန်ခံပါတယ်။  “ကျနော် ကြိုတွေးထားတာထက်ပိုပြီးတော့ ဖျားခဲ့ပါတယ်။ ကျနော်က ကိုယ်ခံအားကို တည်ဆောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တမင်တကာနီးပါး ကူးစက်ခံခဲ့တာဖြစ်ပြီး သုံး လေးရက်လောက်ပဲ ဖျားမယ်လို့ ယူဆခဲ့တာပါ။ အဲဒီနောက်မှာ ကျနော့်ရဲ့ကိုယ်ခံအားဟာ ပြန်ကောင်းလာပြီး ကျနော်ဟာ ဗိုင်းရပ်စ် ထပ်ဖြစ်တော့မှာမဟုတ်သလို ကျနော့်ဆီကနေလည်း ဘယ်သူ့ဆီကိုမှ မကူးတော့ဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီဗိုင်းရပ်စ်ဟာ ကျနော် ထင်တာထက် ပိုဆိုးရွားပါတယ်” လို့ မြို့တော်ဝန်က ဂျာမာန်သတင်းဌာနတခုကို ပြောခဲ့ပါတယ်။  သူ့ရဲ့ထုတ်ပြန်ချက်ဟာ လူမှုကွန်ရက်မှာ အချေအတင် ပြောဆိုငြင်းခုံမှုတွေကို ဖြစ်စေခဲ့ပြီး အများစုကတော့ မြို့တော်ဝန်ဟာ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ သူများတွေကိုပါ ဒုက္ခရောက်အောင် လုပ်ခဲ့တယ်လို့  စွပ်စွဲပါတယ်။  ဒါပေမဲ့ မြို့တော်ဝန်ကတော့ ပြည်သူတွေ သူ့ကို ဒီလောက်ထိ ဝေဖန်နေတာဟာ သူ့ထုတ်ပြန်ချက်ထဲမှာ မရှင်းမရှင်း ရေးမိတာကြောင့်လို့ ပြောခဲ့ပြီး သူဟာ ဗိုင်းရပ်စ် ကူးစက်ခံရတာနဲ့ တခါတည်း ၁၄ ရက်တိတိ သီးသန့်ခွဲခြား နေထိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ စတီဖင်ဗွန်ဒက်ဆယ်က သူ့လက်တွဲဖော်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် သူ့ကိုယ်တိုင် တမင်သက်သက် အကူးစက်မခံရင်တောင် သူဟာ ကူးစက်ခံရဖို့ သေချာသလောက်နီးပါးရှိကြောင်း ပြောခဲ့ပြီး အခုဆို ရင်သူ့ဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု လုံးဝမရှိတော့ဘူးလို့လည်း ပြောပါတယ်။
11 months Ago
Up