စတိုးဆိုင်ပိုင်ရှင်

July 12, 2021

ပြည်မြို့အဝေးပြေးကားဂိတ်အနီး စတိုးဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ ခေတ္တရာအဝေးပြေးကားဂိတ်အနီး အင်္လကာစတိုးဆိုင်မှာ ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၂၉ နှစ်အရွယ် ကိုမြတ်မင်းဦးဆိုသူဖြစ်ပြီး အဝေးပြေးကားဂိတ်အနီးက သူရဲ့ အင်္လကာစတိုးဆိုင်မှာ စစ်သား ၂ ယောက်၊ အရပ်ဝတ်နဲ့ လူ ၄ ယောက် နာမည်နဲ့တကွ မေးမြန်းစရာရှိတယ်ဆိုပြီး လာခေါ်သွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“နာမည်နဲ့လာဖမ်းတာ၊ အမှတ် ၅ ကျောင်းထဲခေါ်သွားမယ်ဆိုပြီး ခေါ်သွားတာ။ သူ့မိသားစုတွေ လိုက်သွားတော့ အဲဒီမှာမရှိတော့ဘူးတဲ့ ဒကစ(စစ်တပ်) ကို ခေါ်သွားပြီလို့ ပြောတယ်တဲ့။ ဘာ့ကြောင့် လာဖမ်းတယ်လည်း မပြောဘဲ ဒီအတိုင်းမေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ သူတို့ မိသားစုတွေ အခုအရမ်းစိတ်ပူနေကြတယ်။ ပြောတုန်းက တနေရာ တကယ်ခေါ်သွားတော့ တနေရာဖြစ်နေတော့ စိတ်ပူမှာပေ့ါ။”

ဖမ်းဆီးခံရပြီးနောက် ညနေ ၅ နာရီလောက်မှာလည်း စစ်သား ၂ ယောက်နဲ့ အရပ်ဝတ် ၅ ယောက် ထပ်မံရောက်ရှိလာပြီး ဆိုင်အတွင်း ထပ်မံရှာဖွေတာတွေ ပြုလုပ်ခဲ့သွားတယ်လို့ သိရပါတယ်။

7 months Ago
Up