စတိုးဆိုင်တွင်း လက်နက်ကိုင်ဓားပြကို တိုက်ခိုက်ခဲ့သည့် ၇ နှစ်သား ကလေးငယ်

A d v e r t i s e m e n t With Us

June 2, 2016

စတိုးဆိုင်တွင်း လက်နက်ကိုင်ဓားပြကို တိုက်ခိုက်ခဲ့သည့် ၇ နှစ်သား ကလေးငယ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အယ်လ်ဘေးမားပြည်နယ်၊ မောင်ဂိုမာရီဒေသမှာ နေထိုင်တဲ့ မိသားစုတစုအတွက် ဒါဟာ ဆံပင်တွေ ထောင်သွားလောက်တဲ့ထိ အံ့အားသင့်ခဲ့ရတဲ့ အဖြစ်အပျက်တခုပါ။ ဘာလို့လဲဆိုတော့ စတိုးဆိုင်တွင်းမှာ သေနတ်ကိုင်ထားခဲ့တဲ့ ဓားပြ ၂ ဦးနဲ့ ရင်ဆိုင်ခဲ့ရလို့ပါပဲ။ သူတို့မိသားစုဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့မှာ အသက် ၇ နှစ်အရွယ် သားဖြစ်သူနဲ့အတူ သူ့သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်ဝယ်ဖို့ Silver Spring Gameshop စတိုးဆိုင်ကို သွားရောက်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ သူတို့မိသားစုဟာ ရုတ်တရက်ပဲ ဆိုင်တွင်းဓားပြတိုက်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ “ဆိုင်ထဲမှာ ဘာတွေဖြစ်နေခဲ့တယ်ဆိုတာကို မသိနိုင်ခင်မှာပဲ သူတို့(ဓားပြတွေ)ဟာ ကျနော်တို့ကို စီးမိုးထားခဲ့တယ်” လို့  ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံသယရှိသူတွေဟာ ခေါင်းစွပ်ပါ အနက်ရောင် ၀တ်စုံတွေ၊ မျက်နှာဖုံးတွေ ၀တ်ဆင်ပြီး ဆိုင်ထဲမှာ လူပါးချိန် ည ၉ နာရီမတိုင်ခင် ရောက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ သူတို့မိသားစုဟာ ဆိုင်တွင်းမှာ ရှိနေခဲ့ကြတာဖြစ်ပြီး ကလေးငယ်က သံသယရှိသူ ၂ ဦး ၀င်လာခဲ့တာကို တွေ့ရှိခဲ့တာပါ။ ဓားပြတွေက သူတို့ကို သေနတ်နဲ့ချိန်ထားပြီး ကြမ်းပြင်မှာ မှောက်နေကြဖို့ အမိန့်ပေးခဲ့တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ အဲဒီအချိန်မှာပဲ ကလေးငယ်ဟာ ခြေလှမ်း ၁၀ လှမ်းစာလောက် အကွာအဝေးကနေ ပြေးသွားကာ ဓားပြတဦးကို လက်သီးနဲ့ထိုးပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။ “သူဟာ ရဲရင့်တဲ့ ကလေးတယောက်ပဲ။ အသက်အန္တရာယ်ရှိတာကို သိသိကြီးနဲ့ ခုလိုလုပ်ခဲ့တာ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ “ကျနော့်သားကို ကျနော်လိုအပ်တယ်လို့ အကျယ်ကြီး အော်လိုက်တယ်။ အဲဒီမှာ သားက သူတို့ဆီက ရုန်းထွက်ပြီး ကျနော်တို့ဆီ ပြန်လာခဲ့တာ။” စီစီတီဗွီကင်မရာမှာတော့ အဆိုပါဓားပြတွေဟာ ငွေရှင်းကောင်တာဆီ သွားခဲ့ကြတာကို တွေ့ရပြီး သူတို့ထဲက တယောက်က ၀န်ထမ်းဆီက ဆဲလ်ဖုန်းကို လုယူခဲ့သလို ကောင်တာအံဆွဲကို ဆွဲဖွင့်ခဲ့တာလည်း တွေ့ရပါတယ်။ အဲဒီနောက်မှာ သူတို့ဟာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် ဒဗလျူဂျေအယ်လ်အေ သတင်းမှာ ဖော်ပြပါတယ်။ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သား ဘေးမသီရန်မခ ထိခိုက်ဒဏ်ရာ မရရှိခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ ပြစ်မှုကျူးလွန်ခဲ့သူ ဓားပြ ၂ ဦးဟာ အသက် ၂၀ အရွယ်၊ ကိုယ်အလေးချိန် ၁၇၀ ပေါင်ရှိပြီး အရပ် ၅ ပေ ၆ လက်မရှိကာ ရုပ်သံဗွီဒီယိုထဲကသူတွေနဲ့ တူသူတွေတွေ့ရှိရင် သတင်းပေးနိုင်တယ်လို့ ပြောလိုက်ပါတယ်။
5 years Ago
Up