စတိုးဆိုင်တွင်း

March 15, 2017

စတိုးဆိုင်တွင်း ၂ နှစ်အရွယ်သမီးငယ်ကို စွန့်ပစ်ခဲ့သည့် မိခင်ဖြစ်သူကို ရဲဖမ်းဆီး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ထဲက စတိုးဆိုင်တဆိုင်အတွင်းမှာ ၂ နှစ်အရွယ် သမီးငယ်ကို စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူ အမျိုးသမီးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က Food 4 Less အမည်ရတဲ့ စတိုးဆိုင်ထဲ ရောက်ရှိနေချိန်မှာ သူဟာ သမီးဖြစ်သူကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။ စတိုးဆိုင်တွင်း စီစီတီဗွီကင်မရာတွေကနေ ဖမ်းယူရရှိတဲ့ ပုံရိပ်တွေအရ ရဲတွေဟာ နောက်ယောင်ခံ လိုက်လံစုံစမ်းခဲ့ကြချိန်မှာတော့ သတင်းပေးချက်တွေအရ အသက် ၃၁ နှစ်အရွယ် ချိန်ခမ်း ဗီလေ ဆိန်း အမည်ရတဲ့ အဲဒီအမျိုးသမီးကို မတ်လ ၁၄ ရက် ညနေပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူစွန့်ပစ်ထားခဲ့တဲ့ ကလေးငယ်ဟာ ဆိုင်အတွင်းမှာ ကျန်ရှိနေခဲ့တာဖြစ်ပြီး ဘာမှ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့သားအမိဟာ ဆိုင်အတွင်းမှာ ရှိနေချိန် ဘေးက မျက်မြင်တွေ့ရှိသူတဦးက လူကွဲသွားတယ်အထင်နဲ့ ပြန်ဆုံပေးခဲ့ချိန်မှာ ဗီလေဆိန်းက “အိုး.. သူ့ကိုထားလိုက်စမ်းပါ” လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ကို ဆေးရုပို့ဆောင်ထားပြီး ထိန်းသိမ်း စောင့်ရှောက်ထားခဲ့တာပါ။ ရဲအရာရှိ ရိုင်ယန်ရေးလ်စ်ဘက်ခ်ကတော့ ခုဖမ်းမိထားတဲ့ အမျိုးသမီးဟာ ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ မိခင်အမျိုးသမီးဖြစ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောပါတယ်။ ဗီလေဆိန်းကိုတော့ ရောဘတ်ပရက်စ်စလေ အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ကလေးငယ်ကို လျစ်လျူရှုပြီး ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမှုနဲ့ အရေးယူခံရဖွယ် ရှိနေပါတယ်။
5 years Ago
Up