စတားဝါးစ်ရုပ်ရှင် အဓိကသရုပ်ဆောင် ကယ်ရီဖစ်ရှာ ကွယ်လွန်

December 28, 2016

စတားဝါးစ်ရုပ်ရှင် အဓိကသရုပ်ဆောင် ကယ်ရီဖစ်ရှာ ကွယ်လွန်

နာမည်ကျော် အမေရိကန် အာကာသသိပ္ပံဇာတ်လမ်းတွဲကြီး စတားဝါးစ် (Star Wars) ရုပ်ရှင် အဓိကသရုပ်ဆောင် ကယ်ရီ ဖစ်ရှာ (Carrie Fisher) ဟာ ဒီဇင်ဘာ ၂၇ ရက်က အသက် ၆၀ အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ စတားဝါးစ် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ Princess Leia ဆိုတဲ့ ဇာတ်ကောင်နဲ့ အထူးနာမည်ကျော် လူသိများခဲ့ပြီး ကမ္ဘာတဝန်းက သူ့ကိုချစ်တဲ့ ရုပ်ရှင်ပရိသတ်တွေ၊ ရုပ်ရှင်လုပ်ငန်း လုပ်ဖော်ကိုင်ဘက်တွေ နှမျောတသ ဖြစ်နေကြပါတယ်။ စတားဝါးစ် ဇာတ်လမ်းတွဲကို ဖန်တီးသူ ဒါရိုက်တာ ဂျော့ခ်ျ လူးကပ်စ် (George Lucas) က "သူဟာ ကျနော်တို့အားလုံးရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး မင်းသမီးပါပဲ။ အားလုံးက သူ့ကို သတိရကြမှာပါ" လို့ ပြောပါတယ်။ ကယ်ရီဖစ်ရှာဟာ ရုပ်ရှင်သရုပ်ဆောင်အဖြစ်သာမကပဲ စာရေးဆရာမ၊ ဇာတ်ညွှန်းရေးဆရာမအဖြစ်လည်း အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ပိုင်းဘဝဇာတ်ကြောင်းတွေကို ရေးသားထားတဲ့ The Princess Diarist ကိုယ်တွေ့မှတ်တမ်းမှာ သူ ၁၉၇၆ ခုနှစ်က ပထမဆုံး စတားဝါးစ်ဇာတ်လမ်းတွဲကို ရိုက်ကူးချိန် မင်းသားကြီး ဟယ်ရီဆန် ဖို့ဒ် (Harrison Ford) နဲ့ တွဲဖြစ်ခဲ့တဲ့အကြောင်းတွေကိုလည်း ရေးသားခဲ့ပါတယ်။ သူ့ဘဝတလျှောက် မူးယစ်ဆေးစွဲသူတယောက်၊ စိတ်ရောဂါသည်တယောက်အဖြစ် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ ဘဝတွေကိုလည်း သူ့ရဲ့ အင်တာဗျူးတွေ၊ စာအုပ်တွေမှာ ဖော်ပြခဲ့ပါတယ်။ သူအရွယ်ငယ်ငယ် ဘဝဇာတ်ကြောင်းတွေကိုတော့ Wishing Drinking ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။
5 years Ago
Up