စတားလုံး

June 21, 2019

ဝါရင့် ဟောလိဝုဒ်မင်းသားကြီး စတားလုံး ပါဝင်သည့် Escape Plan: The Extractors ရုပ်ရှင် (နမူနာ)

ဝါရင့် ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး ဆီလ်ဗက်စတာ စတားလုံး ခေါင်းဆောင်ပါဝင်ထားတဲ့ Escape Plan: The Extractors ရုပ်ရှင်ကို ဒီကနေ့စတင်ပြီး ရုံတင်ပြသနေပါတယ်။ လျှို့ဝှက်သည်းဖို အက်ရှင်ကား အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ John Herzfeld က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Lionsgate Entertainment နဲ့ Summit Entertainment တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသားကြီး စတားလုံးကို လုံခြုံရေး အထူးကျွမ်းကျင်သူ Security Expert ဇာတ်ကောင် Ray Breslin အဖြစ် ပရိသတ်တွေက ရှုစားကြရမှာပါ။ ဟောင်ကောင်နည်းပညာ လုပ်ငန်းစုရဲ့ သမီးဖြစ်သူနဲ့အတူ သူ့ရဲ့ချစ်သူကို ပြန်ပေးဆွဲခံရတဲ့ အမှုအတွက် အကူအညီတောင်းချိန်မှာ ဘယ်လိုကယ်ထုတ်မလဲ။ နောက်ပြီး ပြန်ပေးသမားဟာ အရင်က သူ့ရဲ့မိတ်ဆွေဖြစ်ခဲ့ဖူးသူရဲ့သား ဖြစ်နေချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုခက်ခဲ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားဟာ မင်းသားကြီး စတားလုံး တလျှောက်လုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Escape Plan ရုပ်ရှင်စီးရီးစ်တွေရဲ့ နောက်ဆက်တွဲ တတိယမြောက် ရုပ်ရှင်ကားအဖြစ် ထွက်ရှိလာခဲ့တာဖြစ်ပြီး မင်းသားကြီး အာနိုးနဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင် Escape Plan ကို ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဒုတိယကားဖြစ်တဲ့ Escape Plan: Hades ကိုတော့ မနှစ်က ရုံတင်ပြသခဲ့တာပါ။ အခုနောက်ဆုံးထွက် ရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာနိုး မပါဝင်တော့ဘဲ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Dave Bautista၊ Jaime King၊ Max Zhang၊ Daniel Bernhardt တို့နဲ့အတူ ရက်ပ်ပါသရုပ်ဆောင် 50 Cent လည်း ပါဝင်ထားပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်း Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 5.7 အထိ ရရှိထားပြီး ယူကျုပေါ်မှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းကျော် ရှိနေပါတယ်။
2 years Ago

June 14, 2018

မင်းသားကြီး စတားလုံးအပေါ် စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြန်လည်သုံးသပ်နေ

လော့စ်အိန်ဂျလိစ်ခရိုင် အစိုးရရှေ့နေတွေက သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ဖော်ထုတ်ရေးအဖွဲ့ဟာ နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး ဆီလ်ဗက်စတာ စတားလုံးအပေါ် စွပ်စွဲထားတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခုကို ပြန်လည်သုံးသပ်နေပြီလို့ ဇွန်လ ၁၃ ရက်နေ့က ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ မိုနီကာမြို့ ရဲတွေက အမှုဖွင့်ခဲ့တာလို့ ခရိုင်ရှေ့နေရုံး ပြောခွင့်ရသူက ပြောပေမယ့် အသေးစိတ်တော့ ရှင်းမပြပါဘူး။ အခုသတင်းအတွက် စတားလုံးရဲ့ ကိုယ်စားလှယ်တွေထံ မှတ်ချက်တောင်းဖို့ ဖုန်းခေါ်ခဲ့ပေမယ့် ပြန်မဖြေဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ စတားလုံးဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အမျိုးသမီးက တိုင်ကြားခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် ရာဇဝတ်ကြောင်းအရ တရားစွဲရာမှာ ကန့်သတ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ပြစ်ဒဏ်ကို ၁၀ နှစ်အတွင်း ချမှတ်ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up