စတားဘတ်ခ်စ်

May 27, 2018

စတားဘတ်ခ်စ် ကော်ဖီလုပ်ငန်း၏ သင်တန်းများမှ လူမှုအခွင့်ရေး တိုးမြှင့်ရန် မျှော်လင့်

စတားဘတ်ခ်စ် ကော်ဖီလုပ်ငန်းရဲ့ ဘက်လိုက်မှုကင်းတဲ့ သင်တန်းတွေက လူမှုအခွင့်အရေးတွေကို တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ စတားဘတ်ခ်စ်ရဲ့ အကြံပေးတွေက ပြောလိုက်ပါတယ်။ စတားဘတ်ခ်စ် ကော်ပိုရေးရှင်းရဲ့ ဘက်လိုက်မှု ဆန့်ကျင်ရေး သင်တန်းဟာ လူအများမြင်ကွင်းထဲမှာ လူနည်းစုတွေကို တန်းတူညီမျှ ဆက်ဆံရေး၊ အမေရိကန် စားသောက်ဆိုင်တွေနဲ့ လက်လီဆိုင်တွေကြားမှာ ဆယ်စုနှစ်ချီ လှုပ်ရှားနေတဲ့ လူမှုအခွင့်အရေး လှုပ်ရှားမှုတွေကို အားသစ်လောင်းပေးဖို့ မျှော်လင့်တယ်လို့ လုပ်အားပေး အကြံပေးတွေက ပြောလိုက်တာပါ။ ကော်ဖီဆိုင် မန်နေဂျာတယောက်က ရဲကို ဖုန်းဆက်ခေါ်လို့ လူမည်း နှစ်ယောက် အဖမ်းခံရပြီးနောက် အခုလို သင်တန်းပေးဖို့ စတားဘတ်ခ်စ်က ကတိပြုခဲ့ပါတယ်။ မန်နေဂျာရဲ့ လုပ်ရပ်ကြောင့် သူငယ်ချင်းကို စောင့်နေတဲ့ လူမည်းနှစ်ယောက် အဖမ်းခံရပြီး ဆန္ဒပြပွဲတွေနဲ့ စတားဘတ်ခ်ဟာ လူမျိုးရေး ခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဘက်လိုက်မှု ဘယ်ကစဖြစ်လာလဲ ဆိုတာနဲ့ ဒီအကျင့်က လူသားတွေ ကြား ဆက်ဆံရေးနဲ့ လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုသက်ရောက်လဲ ဆိုတာ နားလည်သွားခြင်းဟာ ဖြေရှင်းမှုရဲ့ အစိတ်အပိုင်းပဲလို့ သင်တန်းဖြစ်မြောက်ရေး တွန်းအားပေးခဲ့တဲ့ ဘက်လိုက်မှု ဆန့်ကျင်ရေး ပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေက ပြောပါတယ်။ ဒီအရေးကို ထိပ်တန်းဦးစားပေးအဖြစ် ကိုင်တွယ်လို့ စတားဘတ်ခ်စ်ကို ချီးကျူးတယ်။ ဒီလုပ်ရပ်ဟာ လူတယောက်ချင်း အမူအကျင့် ပြောင်းလဲရေးနဲ့ ယဉ်ကျေးမှု ပြောင်းလဲရေး အတွက် ပထမဆုံး ခြေလှမ်းပဲဆိုတာ ရှင်းလင်းတဲ့ သတင်းစကား ပေးလိုက်တာပဲလို့ NEUROLEADERSHIP အင်စတီကျုရဲ့ ညွှန်မှူး ဒေးဗစ်ရော့ခ်က ပြောပါတယ်။ စတားဘတ်ခ်စ်ကတော့ လူမျိုးရေးဆိုင်ရာ သည်းခံမှုအတွက် ဝန်ထမ်း အယောက် ၁ သိန်း ၇ သောင်း ၅ ထောင်ကို ပထမဆုံးအကြိမ် သင်တန်းပေးဖို့ မေလ ၂၉ ရက် မွန်းလွဲပိုင်းမှာ ကုမ္ပဏီပိုင် စတိုးဆိုင် ၈ ထောင်ကျော်ကို ပိတ်သွားမှာပါ။ လိုင်စင်ရ စတားဘတ်ခ်စ် ကော်ဖီဆိုင် ၆ ထောင်လောက်ကို ဆက်ဖွင့်ထားမှာဖြစ်ပြီး အဲဒီက ဝန်ထမ်းတွေကို နောက်ပိုင်းမှာ သင်တန်းပေးမှာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ မစ်ဆူရီပြည်နယ်အတွင်း လူဖြူရဲတယောက်က လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် မိုက်ကယ်ဘရောင်းကို သတ်ဖြတ်မှုအပြီး ဘက်လိုက်မှု ဆန့်ကျင်ရေး သင်တန်းတွေဟာ အမေရိကန် ကော်ပိုရေးရှင်းတွေကြား လူကြိုက်များခဲ့ပါတယ်။
4 years Ago
Up