စတားတဦးရဲ့ လျှို့ဝှက်ဂီတဒဏ္ဍာရီ (ရုပ်သံ)

April 20, 2018

အငှားယာဉ်မောင်းအဖြစ် ရှင်သန်နေသူ စတားတဦးရဲ့ လျှို့ဝှက်ဂီတဒဏ္ဍာရီ (ရုပ်သံ)

“ဂီတဆိုတာ ကျနော့်ယုံကြည်ချက်အရ ဘဝတလျှောက်လုံး ဆက်လုပ်သွားမယ်လို့ ကတိကဝတ်ပြုထားတဲ့အရာပါပဲ။” ဒီစကားကို ပြောလိုက်တာကတော့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှ အငှားယာဉ်မောင်းတဦးပါ။ အငှားယာဉ်မောင်းဆိုပေမယ့် သူဟာ ကားပေါ်မှာ သီချင်းတွေ ရေးစပ်လေ့ရှိပြီး တခြားဘက်မှာတော့ အောင်မြင်လူသိများခဲ့တဲ့ စတားတဦး ဖြစ်နေတာပါ။ “ခင်ဗျားတို့ လေ့ကျင့်နေကြရမယ်။ လေ့ကျင့်မှုမရှိတော့ဘူးဆိုတာနဲ့ တပြိုင်နက်တည်း ဂီတဟာ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ပျောက်ကွယ်သွားမှာပါပဲ။” သူဟာ အီသီယိုးပီးယားနိုင်ငံမှဖြစ်ပြီး သူ့အသက် ၅ နှစ်၊ ၆ နှစ်သားလောက် အရွယ်တည်းက ဂီတအပေါ် စိတ်ဝင်စားခဲ့တယ်လို့ ပြောပါတယ်။ ငယ်စဉ်အချိန်ကတော့ အီသီယိုးပီးယား ရိုးရာသီချင်းတွေ သီဆိုပြီး နာမည်ကြီးခဲ့တဲ့ ဟိုင်လူမာဂီယာဟာ လက်ရှိမှာတော့ ဝါရှင်တန်ဒီစီမှာ အငှားယာဉ်မောင်းအဖြစ် နေထိုင်နေသူပါ။ “ကျနော် မနက် ကားထွက်တာနဲ့ ကီးဘုတ်ကိုပါ ကားပေါ် တခါတည်း တင်သွားလေ့ရှိတယ်။ ကားပေါ်မှာလည်း လေ့ကျင့်တာပါပဲ” လို့ သူကပြောပါတယ်။ တချို့ခရီးသည်တွေကတော့ သူ့ကို ဟိုင်လူမှန်း မှတ်မိကြတယ်လို့လည်း ဆိုပါတယ်။ “ပရိသတ်တွေက ကျနော့်ကို မြင်ကြတဲ့အခါ တိုးတိုး၊ တိုးတိုးနဲ့ ဒါ ဟိုင်လူပဲ။ ဒါ ဟိုင်လူပဲလို့ ပြောကြတယ်။ တချို့ကလည်း တကယ့်ကို အံ့အားတသင့် လာမေးကြသေးတယ်။” သူဟာ အီသီယိုးပီးယားမှာ နေချိန်တုန်းကတော့ ခုလိုအခြေအနေမျိုးနဲ့မဟုတ်ဘဲ အချိန်ပြည့် ဂီတအပေါ် အာရုံစိုက် နေထိုင်နိုင်ပေမယ့် အမေရိကန်ကို ပြောင်းလာချိန်မှာတော့ နေထိုင်ဖို့ ခက်ခဲလာတဲ့အတွက် အငှားယာဉ်မောင်းနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟိုင်လူဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်နှစ်ကာလတွေဆီက အီသီယိုးပီးယားနိုင်ငံမှာ အအောင်မြင်ဆုံး ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ ဝါးလီးယက်စ်ကို ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် ကာလတွေမှာတော့ အမေရိကန်နိုင်ငံကို နယ်လှည့်ဖျော်ဖြေပွဲတွေ လာရောက်ခဲ့ပြီးနောက် သူက အမေရိကန်မှာ အခြေချနေထိုင်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ဂီတကတော့ သေဆုံးမသွားခဲ့ပါဘူး။ သူ့အသက် ၇၁ နှစ်အရွယ်မှာ ဆယ်စုနှစ် ၂ စုကျော်ကြာအပြီး ပထမဆုံးသော ဂီတအယ်လ်ဘမ်ကို ပြန်ထုတ်နိုင်ခဲ့ပါတယ်။ “ပထမဆုံး စင်ပေါ်ပြန်တက်ရတဲ့ ခံစားမှုက တကယ့်ကို ပျော်ရွှင်စရာပါပဲ။ တကယ်ကောင်းပါတယ်။ ကျနော့်မှာ အရာရာရှိနေသလိုပါပဲ။”
3 years Ago
Up