စတင်ရောင်းချခွင့်ပြုမည်

January 25, 2020

ထားဝယ် ကမ်းနားစျေးအသစ် ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်ရောင်းချခွင့်ပြုမည်

ထားဝယ်မြို့ ကမ်းနားဈေး (ပျံကျဈေး)သစ်မှာ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ဈေးရောင်းခွင့်ပေးတော့မယ်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။ စျေးသည်တွေကို ပြန်နေရာချပေးဖို့ ကြန့်ကြာနေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့နောက် အခုလို့ ရောင်းခွင့်ပေးတော့မယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်က အဲဒီဈေးနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိန်၊ တိုင်းဒေသကြီး/ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီတို့က တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ဖေဖော်ဝါရီ ၈ ရက်နေ့ဆို စတင်ရောင်းမယ်၊ နေရာချထားရေးနဲ့ပတ်သက်တာ အရင်က စာရင်းကောက်ထားတဲ့ အစီအစဉ်အတိုင်း ချပေးမယ်” လို့ ပြောပါတယ်။ အဲဒီပျံကျစျေးမှာ စျေးရောင်းမယ့်နေရာအတွက် ဈေးသည်များ အခကြေးငွေပေးဖို့ မလိုဘဲ မနက် ၂ နာရီကနေ ည ၇နာရီအထိ စျေးရောင်းချခွင့်ပေးမယ်လို့ သိရပါတယ်။ ပျံကျစျေးအတွင်း စျေးရောင်းချသူ ၄၈၃ ဦးကို နေရာချထားပေးတဲ့အပြင် ပျံကျစျေးရုံအတွင်း နေရာလပ်ရင် မည်သူမဆို လာရောင်းနိုင်ပြီး ပျံကျစျေးအပြင်ဘက်မှာ စျေးရောင်းချတာကို ခွင့်မပြုတော့ဘူးလို့ ထား၀ယ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောပါတယ်။ ပျံကျစျေးဆောက်ဖို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်  ၄ ရက်က ဆိပ်ကမ်းသာပန်းခြံကပ်လျက် ကွင်းပြင်နေရာနဲ့ ပန်းခြံအနောက်ဘက်က ဆိပ်ကမ်းသာလမ်းနံဘေး ကွင်းပြင်နေရာဆီ ဟင်းသီးဟင်းရွက်ဆိုင် ၂၈၁ ဆိုင်၊ ငါးရောင်းသူ ၇၈ ဆိုင်၊ ငါး/ဟင်းရွက်ဆိုင် ၁၀၀ ဆိုင် စုစုပေါင်း ၄၅၉ ဆိုင်နဲ့ ငါးဒိုင် ၁၀ ဆိုင်တို့ကို စည်ပင်က ယာယီပြောင်းရွှေ့ နေရာချပေးခဲ့ပါတယ်။ အဲဒီနောက် ပျံကျစျေးနေရာမှာ တိုင်းအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၁၆၄ သိန်းနဲ့ ပေ ၁၆၀၊ ပေ ၁၀၀ ရှိ တထပ်စျေးရုံ ၁ လုံး၊ ပေ ၈၀၊ ၄၄  ပေ စျေးရုံ ၂ လုံး၊ ပေ ၈၀၊ ၂၄ ပေ၊ စျေးရုံ ၁ လုံးအပြင် ရေမြောင်းဖောက်တာ၊ စည်းရိုးကာတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကမ်းနားစျေး (ပျံကျစျေး)ဟာ သား/ငါးနဲ့ ဟင်းသီးဟင်းရွက် ပစ္စည်းတွေ ဝယ်ယူဖို့ ထားဝယ်ဒေသခံတွေ အားထားရတဲ့စျေးတခုဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်၊ ငါးဒိုင်/ အသားငါး၊ ဆန် စတာတွေ ရောင်းချနေပါတယ်။ တင့်လွင်
1 year Ago
Up