စတင်ရေဖြည့်

July 16, 2020

အီသီးယိုးပီးယား၏ ဒေါ်လာ ၄ ဘီလီယံတန် ဆည်ကြီးကို စတင်ရေဖြည့်

အီသီယိုးပီးယားနိုင်ငံရှိ Grand Ethiopian Renaissance  ဆည်ကြီးကို  စတင် ရေဖြည့်နေပြီလို့  ရေအရင်း အမြစ်ဝန်ကြီးက ဇူလိုင်လ ၁၅ ရက်မှာ ပြောပါတယ်။ အငြင်းပွားဖွယ် ဘလူးနိုင်းရေအားလျှပ်စစ်စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး ဆူဒန်နဲ့ အီဂျစ်တို့နဲ့ ဆွေးနွေးပွဲအပြီး နောက်တနေ့မှာ ခုလို ပြောလိုက်တာပါ။ ဆူဒန်နဲ့အီဂျစ်တို့ဟာ အီသီယိုပီးယားရဲ့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံတန် ဆည်ကြီး ကြောင့် သူတို့ နိုင်ငံတွေမှာ ရေပြတ်သွားနိုင်လို့ စိုးရိမ်နေကြတာပါ။ ဆည်ဆောက်လုပ်ရေးနဲ့ရေဖြည့်တာကို အတူတွဲလုပ်သွားမယ်လို့ အီသီယိုပီးယား ရေအရင်း အမြစ်ဝန်ကြီးက ရုပ်သံကနေပြောခဲ့တဲ့အကြောင်း ဝန်ကြီးရုံးက ပေးတဲ့အကြောင်းကြားစာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။   ရေအမြင့်က ၅၂၅ မီတာကနေ ၅၆၀ မီတာကို ရောက်လာပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။ ဒီဒေသမှာ လတ်တလောကာလအတွင်း မိုးအကြီးအကျယ် ရွာထားပြီး ဆည်ရဲ့ ရေတံခါးတွေကို ပိတ်ထားပြီးပြီလားဆိုတာကိုတော့ ဝန်ကြီးက မပြောပါဘူး။ ဒီဆည်ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးရင် လျှပ်စစ်ဓာတ်အား ၆၄၅၀ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဒီပမာဏဟာ အီသီယိုပီးယားနိုင်ငံရဲ့လက်ရှိထုတ်လုပ်မှု ၂ဆကို ထုတ်ပေး နိုင်မှာပါ။  အီသီယိုပီးယားကို အာဖရိကရဲ့လျှပ်စစ်ဓာတ်အားတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာအောင် ပံ့ပိုးမယ့် အဓိကစီမံကိန်းလည်း ဖြစ်ပါတယ်။    
10 months Ago
Up