စတင်ဖြန့်ချိ

December 20, 2020

မိုဒါနာထုတ်ကိုဗစ်ကာကွယ်ဆေးများ အမေရိကန်နိုင်ငံအတွင်း စတင်ဖြန့်ချိ

အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါးစည်းကြပ်ရေးဌာန FDA က အရေးပေါ်သုံးဖို့ ခွင့်ပြုချက် ပေးလိုက်တဲ့ မိုဒါနာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေကို ကုန်ကားတွေနဲ့ ဒီနေ့ စတင် ဖြန့်ဝေနေပြီလို့ သိရပါတယ်။ အမေရိကန် နိုင်ငံအတွင်း နေရာ ၃၇၀၀ ကျော်ကို ဖြန့်ပေးဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် စစ်တပ် ဗိုလ်ချုပ်ကြီး ဂုစတာဗီပါနာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  “တနင်္လာအစောပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေဆီ ကာကွယ်ဆေးတွေ ရောက်လိမ့်မယ်၊ မိုဒါနာနဲ့ ဖိုက်ဇာကော်ပိုရေးရှင်းတွေက ထုတ်တဲ့ ကာကွယ်ဆေး ထိုးဆေး သန်း ၂၀ ကို ပို့ရတာ ဇန်နဝါရီ ပထမအပတ်အထိ အချိန်ယူရ နိုင်တယ်” လို့ ပါနာက ဆက်ပြောပါတယ်။  သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေဖြစ်တဲ့ UPS နဲ့ Fed Ex တို့ဟာ ကာကွယ်ဆေးတွေကို တခြား ပွဲတော်စာ လက်ဆောင်ထုပ်တွေအစား ထိပ်တန်း ဦးစားပေးတွေအနေနဲ့ လေယာဉ်တွေ၊ ကုန်ကားတွေနဲ့ သယ်ပို့ နေကြပါပြီ။  မိုဒါနာကာကွယ်ဆေးဟာ ဖိုက်ဇာနဲ့ မတူဘဲ အမှာစာ ထိုးဆေး အလုံး ၁၀၀ အထိ ပမာဏ နည်းနည်းကို မှာယူနိုင်ပြီး ပုံမှန် ရေခဲသေတ္တာထဲမှာ ရက် ၃၀ ထားနိုင်ပါတယ်။  ဖိုက်ဇာကတော့ ကာကွယ်ဆေး ထိုးဆေး ၉၇၅လုံးကို ရေခဲမှတ် အောက် အနုတ် ၇၀ ဒီဂရီ စဲလ်စီးယပ်စ်မှာထားပြီး သယ်ဖို့ လိုအပ်ပါတယ်။  ပုံမှန်ရေခဲသေတ္တာထဲမှာ ငါးရက်သာ သိမ်းနိုင်ပါတယ်။ ကာကွယ်ဆေးတွေ ပြည်သူ့လက်ထဲ တောင်းဆိုသလောက် ရောက်ဖို့ အချိန် လချီယူရဦးမှာပါ။  ထင်မြင်ချက် စစ်တမ်းတွေအရ အမေရိကန် ပြည်သူအများအပြားက ကာကွယ်ဆေး အထိုးခံဖို့ တွန့်ဆုတ်နေကြတယ်လို့ သိရပါတယ်။  လောလောဆယ် အမေရိကန်မှာ နေ့စဉ် ဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ပျမ်းမျှ အယောက် ၃ ထောင်လောက် ရှိနေပြီး ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၃ သိန်း ၁ သောင်း ၃ ထောင် ကျော်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
1 year Ago
Up