စတင်အသုံးပြု (ရုပ်သံ)

September 2, 2017

ထိုင်းတွင် လေလွင့်ခွေးများကို ရာဇ၀တ်မှုတိုက်ဖျက်ရေးအတွက် စတင်အသုံးပြု (ရုပ်သံ)

ထိုင်းနိုင်ငံအတွင်း လမ်းတွေထဲမှာ ဘေးကင်းရေးအတွက် လေလွင့်ခွေးတွေကို ရာဇဝတ်မှု တိုက်ဖျက်ရေး အထူးအစောင့်ခွေးတွေအဖြစ် အသုံးပြုလာနေပါတယ်။ သူတို့အတွက် ပုံစံထုတ်ထားတဲ့ အင်္ကျီတွေမှာ ဝှက်ထားတဲ့ ကင်မရာကို တပ်ဆင် ထားပါတယ်။ ခွေးက ရန်လိုပြီး ဟောင်တဲ့အသံကို အာရုံခံ ကိရိယာက ထောက်လှမ်းမိတာနဲ့ တပြိုင်နက် ရုပ်သံ ကင်မရာက စပြီး အလုပ်လုပ်ပါတယ်။ ခွေးက သူ့ရှေ့မှာ မြင်ရတဲ့ မြင်ကွင်းရဲ့ တည်နေရာနဲ့ အခင်းဖြစ်ပွားပုံ ရုပ်သံကိုလည်း တိုက်ရိုက်ရိုက်ကူးပြီး သက်ဆိုင်ရာကို ပေးပို့ပါတယ်။ ဒီဝတ်စုံကို တောင်ကိုရီးယားအခြေစိုက် ချေးယ်ကုမ္ပဏီက တီထွင်ထားပါတယ်။ ထိုင်းလူမျိုးတွေက လေလွင့်ခွေးတွေအပေါ် အပြုသဘော အမြင်ရှိလာအောင် ကူညီမယ်လို့လည်း မျှော်လင့်ထားပါတယ်။ “အိမ်ခွေးနဲ့ လမ်းဘေးခွေး ခြားနားမှု ရှိတော့မှာ မဟုတ်ဘူးလို့ ထင်တယ်၊ လမ်းဘေးခွေး တွေဟာ ညစောင့်တွေလို လူတွေက ခံစားမိအောင် ဒီဝတ်စုံက လုပ်လိမ့်မယ်” လို့ ချေးယ် တီထွင်မှုအဖွဲ့ဝင် ပါကွန်ခရစ် ခန်တာပရပ်က ပြောပါတယ်။ လမ်းဘေးခွေးတွေကို စောင့်ရှောက်နေတဲ့ ပရဟိတအဖွဲ့ သစွိုင်ဒေါ့ခ် ဖောင်ဒေးရှင်းကလည်း ဒီအတွေးအခေါ်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဝတ်စုံက ကနဦး စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့ သူတို့က ပြောပါတယ်။ ဒီဝတ်စုံက ဘယ်လောက် လက်တွေ့ကျမယ်ဆိုတာ ပြောဖို့က တကယ့်ကို စောလွန်းသေးတယ်လို့ ပြောပါတယ်။ စီမံကိန်းကို ဒီနှစ်အစောပိုင်းမှာ စတင်ခဲ့တာပါ။ ချေးယ် ကုမ္ပဏီကလည်း ဒီဝတ်စုံကို ပြီးအောင် ထပ်ပြီး တီထွင်စရာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကို ရာဇဝတ်မှု တိုက်ဖျက်ရေး ခွေးတွေက တရားဥပဒေ ရှေ့မှောက် ရောက်အောင် ခေါ်လာနိုင်မလား ဆိုတာ မကြာခင် မြင်ရတော့မယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
4 years Ago
Up