ချဲလ်ဆီးအသင်း ဂိုးသမားတွေကြားမှာ တဦးနဲ့တဦး စည်းလုံးညီညွှတ်မှုရှိတယ်လို့ ဂိုးသမားသစ် မန်ဒီက ပြောပါတယ်။
အခုနှစ် ရာသီအစကမှ ပြင်သစ်ကလပ် ရင်းနက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆီနီဂေါ ဂိုး သမား မန်ဒီဟာ ဂိုးသမား ကက်ပါ နဲ့ ကာဘယ်လီယိုတို့ကို ကျော်ဖြတ်ပြီး နံပါတ် ၁ ဂိုးသမားဖြစ် လာတာပါ။
ချဲလ်ဆီးနည်းပြ လမ်းပတ်ကိုယ်တိုင်ကလည်း ဂိုးသမားသစ် မန်ဒီက နံပါတ် ၁ ဂိုးသမား ဖြစ်တယ်လို့ ဝန်ခံထားတာပါ။
ဂိုးသမား မန်ဒီကတော့ ပွဲထွက်ခွင့် တနေရာအတွက် ပြိုင်ဆိုင်မှုတွေရှိပေမဲ့ ဂိုးသမား ၃ ဦးက အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိတယ်လို့ ပြောပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ပွဲဦးထွက် ပွဲစဉ်မတိုင်ခင်က ဂိုးသမား ကတ်ပါနဲ့ ကာဘယ်လီယိုတို့က အကောင်းဆုံး လက်စွမ်း ပြသနိုင်ပါစေကြောင်း ဆုတောင်ပေးခဲ့တယ်လို့ မန်ဒီက ပြောပါတယ်။
ဒီလို စည်းလုံးညီညွှတ်မှုရှိတာဟာ တခြား ကစားသမားတွေအတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးရရှိတယ်လို့ မန်ဒီက ပြောပါတယ်။
ဂိုးသမား မန်ဒီဟာ ခရစ္စတယ်ပဲလေ့နဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးမပေးရအောင် လက်စွမ်းပြခဲ့ပါတယ်။
2 years Ago