ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က သြစတြီးယားသံရုံးအပြင်ဘက်မှာ ဘာသာပေါင်းစုံ စည်းလုံးခြင်း သင်္ကေတအနေနဲ့ ဂျူး၊ မွတ်စလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ နိုဝင်ဘာ ၆ ရက်က စုရုံးပြီး ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂ ရက် တနင်္လာညက ဗီယင်နာမြို့ တိုက်ခိုက်ခံရမှုရဲ့ဓားစာခံတွေကို အမှတ်ရ အောက်မေ့တဲ့အနေနဲ့ ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲကို ပြုခဲ့တာပါ။
ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး၊ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီးနဲ့ ဂျာမနီ ရာဘီနီကယ်အထွေထွေညီလာခံ ဥက္ကဋ္ဌ တို့လည်း ဒီပွဲကို တက်ရောက်ပါတယ်။
ဂျာမနီနိုင်ငံဆိုင်ရာ သြစတြီးယား သံအမတ်ကြီးကလည်း သံရုံးအပြင်ဘက်မှာ လွမ်းသူ့ ပန်းစည်းတွေ ချရင်း ဖယောင်းတိုင် ထွန်းညှိခဲ့ပါတယ်။
“ဘာသာတရားအားလုံး စုစည်းညီညွတ်ဖို့ အရေးကြီးတယ်။ ဗီယန်နာတိုက်ခိုက်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်ဘာသာကိုမှ ဦးတည်တာ မဟုတ်ဘဲ ကျနော်တို့ရဲ့ တန်ဖိုးတွေကို ရည်ညွှန်းတာသာ ဖြစ်တယ်”လို့ သံအမတ်ကြီးက ပြောပါတယ်။
ဂျာမန်မွတ်စလင်ဗဟိုကောင်စီကလည်း ဒါဟာ ဘာသာတရားကို ကိုယ်စားပြုတဲ့ အားကောင်းတဲ့ လက္ခဏာ တရပ်လို့ ပြောပါတယ်။
“လက်စားချေမှု အကြမ်းဖက်မှုနဲ့ အမုန်းတရားလို ရက်စက်တဲ့ သံသရာတွေနဲ့ လူ့အဖွဲ့အစည်း ကို ပိုင်းခြားဖို့ တိုးလုပ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေမှာ ကျနော်တို့ ဝင်မပါဘူး ဆိုတာကိုပြတဲ့ ကျနော်တို့ ရပ်တည်ချက်ပဲ” လို့ သူက ဆက်ပြောပါတယ်။
တနင်္လာနေ့က သြစတြီးယားမြို့တော်မှာ တိုက်ခိုက်သူ တယောက်ကြောင့် လူ ၄ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရပါတယ်။
ပစ်ခတ်သူ အသက် ၂၀ အရွယ် ဘာသာရေး စစ်ဝါဒီမွတ်စလင် အစွန်းရောက်သမားဟာ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ ဆီးရီးယားကို သွားဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ကျ ဖူးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ခုတော့ သူ မကြာခဏ သွားလေ့ရှိတဲ့ ဗလီနဲ့ အစ္စလာမ္မစ် အဖွဲ့အစည်းကို အာဏာပိုင်တွေက ပိတ်ထားပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဝန်ကြီးက နိုဝင်ဘာ ၆ ရက်သောကြာနေ့မှာ ပြောပါတယ်။
ပစ်ခတ်သူနဲ့အဆက်ဆံရှိတယ်လို့ ယုံကြည်ရသူ ၄ ဦးရဲ့ အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ကိုလည်း ဂျာမန်ရဲတွေက နိုဝင်ဘာ ၆ ရက်မှာ ရှာဖွေခဲ့ပါတယ်။
“နွေရာသီက ဗီယန်နာမှာ တိုက်ခိုက်သူနဲ့အတူနေခဲ့တဲ့ ဂျာမနီက လူတွေကို ဂျာမန် ထောက်လှမ်းရေးတွေက စောင့်ကြည့်နေတယ်။ တိုက်ခိုက်သူဟာ လက်နက်ခဲယမ်း မီးကျောက်တွေကို စလိုဗက်ကီယားနိုင်ငံကနေ ဝယ်ဖို့ ကြိုးစားခဲ့သေးတယ်” လို့ သြစတြီးယားရဲချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2 years Ago