စည်းမျဉ်းချိုးဖောက်

A d v e r t i s e m e n t With Us

June 4, 2020

ကိုဗစ်ကာလ စည်းမျဉ်းချိုးဖောက်သည့် ထိုင်းကျန်းမာရေးဝန်ကြီးကို ဝေဖန်မှုမြင့်တက်

ကိုဗစ်-၁၉ ကပ်ကာလမှာ လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းချိုးဖောက်ခဲ့တဲ့ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးကို ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြ ပါတယ်။ ဒါဟာ ဝန်ကြီး အနုတင် ချန်ဗီရာကူလ်က စားသောက်ဆိုင်တခုမှာ လူ ၁၀ ယောက်လောက် ဝိုင်းဖွဲ့ပြီး နီးနီးကပ်ကပ် စားသောက်နေကြတဲ့ ဓာတ်ပုံတွေ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာ တွေပေါ် ပျံ့နှံ့ခဲ့အပြီးမှာ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တာပါ။ အင်တာနက်အသုံးပြုသူတွေကြားမှာတော့ ဝန်ကြီးက သူ့ဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကိုတောင် လျစ်လျူရှုချိုးဖောက်သူလို့ ဆိုးဆိုးဝါးဝါး ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနေ့က ဝန်ကြီးနဲ့ အဖွဲ့ဟာ အဆိုပါ စားသောက်ဆိုင်ကို သွားရောက်စားသောက်ခဲ့ချိန်မှာ ဆိုင်ရှင်က ကျေးဇူးတင်ကြောင်း ဓာတ်ပုံရိုက်ပြီး အင်တာနက်လူမှုကွန်ရက်ပေါ် မျှဝေခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။ Seal Psychiatrist အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာတော့ ဝန်ကြီးဟာ ကိုဗစ်-၁၉ ကပ်ဘေးအတွက် လူမှုအလှမ်းခွာစည်းမျဉ်းစည်းကမ်းက ဘယ်လောက်အရေးကြီး ကြောင်း ပြည်သူတွေကို တွန်းအားပေးခဲ့ပေမယ့် သူကိုယ်တိုင်တော့ လိုက်နာဖို့ ပျက်ကွက်နေတာကို ထောက်ပြခဲ့တာပါ။ လူတွေအနေနဲ့ စံထားရမယ့် ပုဂ္ဂိုလ်တွေဆီက ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ သင်ယူရတာ ဖြစ်ပြီး အနုတင်ကတော့ ကိုယ်ချမှတ်တဲ့ စည်းမျဉ်းကို ကိုယ်ချိုးဖောက်သူ ဖြစ်တယ်လို့ အဆိုပါ စာ မျက်နှာပေါ်မှာ ဝေဖန်နေကြတာ ဖြစ်ပါတယ်။        ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၃,၁၀၁ ယောက်ရှိနေပြီး ၅၈ ယောက် သေဆုံးခဲ့ ကာ ၂,၉၆၈ ယောက်ကတော့ ပြန်လည်ပျောက်ကင်းသက်သာလာခဲ့ပြီ ဖြစ်ပါတယ်။        လတ်တလောမှာတော့ လော့ခ်ဒေါင်းဖြေလျှော့မှုအပြီး အများပြည်သူနဲ့ဆိုင်တဲ့ တချို့နေရာ တွေ၊ ရုံးတွေ၊ ကျောင်းတွေကို ပြည်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
9 months Ago
Up