စည်းကမ်းချက်

A d v e r t i s e m e n t With Us

May 25, 2020

လွိုင်ကော်မြို့တွင်  စည်းကမ်းချက်နှင့်ကိုက်ညီသည့် စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ သတ်မှတ်စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့ ပြန်ဖွင့်ခွင့်ပေးမယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ မေ  ၂၄ ရက်နေ့ ညနေပိုင်းက စားသောက်ဆိုင်ပိုင်ရှင် ၉၉ ဦးကို မြို့နယ်ခန်းမမှာ ခေါ်ယူတွေ့ဆုံပြီး ဆိုင်ပြန်ဖွင့်နိုင်ရေး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ရှင်းလင်းချပြခဲ့ပါတယ်။ လွိုင်ကော် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက “ကျနော်တို့ ဒီရေရှည်မှာ စားသောက်ဆိုင်တွေ ဒီလိုမျိုးဆိုင်ထိုင်မလုပ်ဘူးဆိုရင်တော့ သူတို့ရဲ့စီးပွားရေးကိုလည်း ကျနော်တို့ ဒီကတာဝန်ရှိတဲ့ပုဂ္ဂိုလ်များ ငဲ့ညှာတဲ့အနေနဲ့ သူတို့လည်း ဆိုင်ထိုင်စနစ်နဲ့ ရောင်းပါစေ၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေး ကျနော်တို့ဘက်လည်း အကာအကွယ် စနစ်တကျနဲ့ ဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက် ပြေလည်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်” လို့ ပြောပါတယ်။ သတ်မှတ်စည်းကမ်းချက်တွေထဲမှာ ဆိုင်တွေမှာ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးနေရာတွေ ထားရှိတာ၊ ထိုင်ခုံတခုံနဲ့တခုံ ၆ ပေအကွာထားရှိဖို့၊ ထိုင်ခုံတခုံမှာ လူ ၄ ယောက်သာ ထိုင်ဖို့နဲ့ ခုံမှာ မှန်ချပ်တပ်ဆင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်မယ့် စားသောက်ဆိုင်တွေအနေနဲ့ ဆိုင်တွေကို ပြင်ဆင်ပြီးပါက မြို့နယ် ကိုဗစ်-၁၉ ကော်မတီကို အကြောင်းကြားပြီး အဲဒီကော်မတီက စည်းကမ်းချက်နဲ့ကိုက်ညီကြောင်း သဘောတူရင် ဖွင့်ခွင့်ပြုမယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ ဆိုင်ပြန်ဖွင့်ရင်တော့ ပထမတကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်တာနဲ့ တတိယအကြိမ် လိုက်နာမှုမရှိပါက ကာလအကန့်အသတ်တခုအထိ ဆိုင်ပိတ်သိမ်းမယ်ဆိုတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီစည်းကမ်းချက်တွေနဲ့ပတ်သက်လို့ ဆိုင်တွင်းနေရာကျယ်ဝန်းတဲ့ စားသောက်ဆိုင်ကြီးတွေအနေနဲ့  တယောက်နဲ့တယောက် ၆ ပေအကွာ ထိုင်ရမယ်ဆိုတဲ့ အချက်တွေအတွက် အခက်အခဲမရှိပေမယ့် နေရာကျဉ်းတဲ့ ဆိုင်ငယ်လေးတွေအတွက် တခုံနဲ့တခုံကြား ၆ ပေ ကွာထားရမယ်ဆို တဲ့အချက်အတွက် အခက်အခဲဖြစ်နေပါတယ်။ ဒါ့ကြောင့် တချို့ဆိုင်တွေကတော့ ပါဆယ်စနစ်ကိုသာ ဆက်လက်ကျင့်သုံးမယ်လို့ ပြောဆိုတာမျိုးတွေ ရှိနေသလို တချို့ဆိုင်တွေကတော့ ဆိုင်ပြန်ဖွင့်နိုင်ရေး အတော်ကို လုပ်ဆောင်ရမယ်လို့ ပြောဆိုတာမျိုးတွေ ရှိနေပါတယ်။ ကိုရိုရာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကူးပျံ့နှံမှု မရှိစေရေး ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့  ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက မြို့နယ်တာဝန်ရှိသူတွေက ညွှန်ကြားထားတာပါ။
9 months Ago

April 25, 2020

မောင်တောနယ်စပ်တွင် COVID-19 စည်းကမ်းချက်များ လိုက်နာမှု အားနည်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်မှာ COVID-19 ကြိုတင်တားဆီးကာကွယ်ဖို့ နယ်စပ်မှ ခိုးဝင်ဘင်္ဂါလီတွေကို တားဆီးဖို့နဲ့ ဒေသခံတွေ စည်းကမ်းလိုက်နာဖို့ လိုအပ်နေတယ်လို့ COVID-19 ကာကွယ်ရေး လုပ်နေတဲ့ လူမှုအဖွဲ့တွေက ပြောပါတယ်။ ကျနော်တို့ဘက်ကတော့ စဉ်ဆက်မပြတ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်တဲ့ အသိပညာပေး ဟောပြောတာတွေ၊ လက်ကမ်းစာစောင်ကပ်တာတွေ၊ ဘီနိုင်းပိုစတာ တပ်တာတွေ၊ လက်ဆေးနည်း၊ နှခေါင်းစည်းတပ်နည်းတွေကို နေ့တိုင်းလိုလို ပညာပေး လုပ်ဆောင်နေပေမဲ့ မောင်တောမြို့က ပြည်သူတွေရဲ့ ကြိုတင်ကာကွယ်မှုအတွက် စည်းကမ်းလိုက်နာမှုတွေ အားနည်းနေသလို မောင်တောမြို့ကို တဖက်နိုင်ငံက ခိုးဝင်လာတာတွေကို မတားဆီးနိုင်ရင်တော့ ကျနော်တို့ ဘယ်လောက်ပဲ ကြိုးစားပေမဲ့ ရောဂါကူးစက်မှုအတွက် စိုးရိမ်မိတယ် လို့ မောင်တောမြို့ လူမူကူညီရေးအဖွဲ့ ကရုဏာကွန်ရက်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုချစ်ထူးခိုင်က ပြောပါတယ်။ ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ဦးစီးပြီး မောင်တောမြို့နယ်ကြက်ခြေနီအဖွဲ့နဲ့ မောင်တောမြို့ ကရုဏာကွန်ရက်တို့ ပူးပေါင်းကာ COVID-19 ကြိုတင်ကာကွယ်နိုင်ဖို့ မောင်တောမြို့ပေါ်ရှိ လမ်းသွားလမ်းလာတွေကို Mask တွေ အခမဲ့ဖြန့်ဝေတာ၊ လက်ကမ်းစားစောင်တွေ ဖြန့်ဝေတာ၊ နံရံကပ်စာစောင်အသိပညာပေးတာတွေ လုပ်ခဲ့ကြပါတယ်။  မောင်တောခရိုင်ဦးစီးမှူး ဦးဇော်ဇော်ဆန်းက မောင်တောနယ်စပ်က စိုးရိမ်စရာပါ၊ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း ကူးစက် သေဆုံးမှုတွေ များလာနေတာတွေကို သတင်းတွေမှာ တွေ့နေရတယ်။ ဒါ ကြောင့် နောက်လည်း စဉ်ဆက်မပြတ် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ မောင်တောလူထုအနေနဲ့လည်း အသိပညာပေးမှုတွေကို လိုက်နာဖို့ လို့အပ်နေပါသေးတယ် လို့ ပြောပါတယ်။ မောင်တောမြို့ပေါ် ရွှေစားဂုံးနားစျေး၊ မောင်နီကျေးရွာဈေး၊ ရပ်ကွက် ၅ စျေး၊ မြို့မ ကညင်တန်းစျေး စတဲ့ ဈေးတွေမှာလည်း ရောင်းချသူများမှာ စည်းကမ်းမရှိကြတာကြောင့် လုံးဝပိတ်ထားသင့်သလို ခိုးဝင်လာသူတွေကိုလည်း တားဆီးပေးဖို့ လိုအပ်တယ်လို့ ရွာသစ်ဂေ ဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ကိုဘာဆပ်က ပြောပါတယ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ စစ်ဆေးချက်အရ လူပေါင်း ၅၀၃ ဦး COVID-19 ကူးစက်ခံခဲ့ရတယ်လို့ Dhaka Tribune မှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ သေဆုံး သူ ၁၂၀ ဦးနဲ့ ဧပြီ ၂၄ ရက်နေ့မှာ ၁၂၇ ဦးအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဧပြီ ၁၃ ရက်နေ့ကစပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေအားလုံးကို အစိုးရက ပိတ်ထားပေမယ့် နယ်စပ်ဂိတ်ပိတ်တွေကနေ တရားမဝင်ရောက်နေကြဆဲ ဖြစ်သလို ရှည်လျားတဲ့ နယ်စပ်ကို လုံးဝပိတ်ထားဖို့ မလွယ်ဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ လင်းလက်
10 months Ago
Up