စည်သူမောင်

February 5, 2021

“ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ တရား၀င်မှုကို ဖျက်သိမ်းနိုင်မှာမဟုတ်ဘူး” ဦးစည်သူမောင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  အနိုင်ရရှိခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်က  ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေးကျင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို  ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါ ဒီကော်မတီဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကို ဒီဗွီဘီက ဆက် သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တာနဲ့ပတ်သက်ပြီး ပြောပေးပါ။

ဖြေ ။ ။ ဒီနေ့  ၅ ရက် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်က Zoom meeting ကနေပြီးတော့ အစည်းဝေးလုပ်ပါတယ်။ အခမ်းအနားမှူးကတော့ ကိုလွင်ကိုလတ်ပါ။ အခမ်းအနားရဲ့သဘာပတိ တင်မြှောက်တာတွေ ၊ အစီအစဉ်စပြီးတော့ အစီစဉ်ခြောက်ရပ်နဲ့ ကျင်းပပါတယ်။ 

အစည်းအဝေး အကြောင်းအရာတွေတင်ပြတာ ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းတာ၊ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးက ကျမ်းသစ္စာ ပြုတာတွေကို လုပ်ကြပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဖွဲ့စည်းတာကို လူစာရင်းကြေညာပါတယ်။ ‌ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့တာနဲ့ပတ်သက်ပြီးတော့ အာဆီယံအပါအ၀င် နိုင်ငံတကာပါလီမန် တွေအနေနဲ့ ဒီကော်မတီကို တရား၀င်ဖို့အတွက် ပန်ကြားတဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီသဘောထားရဲ့ အဓိက ထုတ်ပြန်ကြေညာချက်မှာဆိုရင် နို၀င်ဘာ ၈ ရက်နေ့မှာ ကျနော်တို့ဟာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ နောက်တစ်ချက်က ကျနော်တို့ဟာ  ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ စစ်အာဏာသိမ်းခံရတဲ့ အတွက်ကြောင့် လွှတ်တော်အစည်းဝေးတွေ မကျင်းပနိုင်ခဲ့ဘူး။ ဒါပေမဲ့လို့  စည်ပင်၀င်းထဲမှာ လွှတ်တော်ခေါ်ယူ ဖြစ်ခဲ့တယ်ဆိုတာကို ပြန်လည်ဖော်ပြခဲ့ပါတယ်။

နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်ရဲ့တာ၀န်သည် အစိုးရအဖွဲ့ရွေးချယ်ခြင်းနဲ့ အစိုးရအဖွဲ့ အတည်ပြုပေးဖို့အတွက် တာ၀န်ရှိပါတယ်။ အဲဒိအတွက်ကြောင့်ကျနော်တို့ဟာ ဒီလွှတ်တော်ရဲ့ လုပ်ငန်းတာ၀န်တွေကို ကျနော်တို့ဟာ တာ၀န်ရှိကြောင်း ဖော်ပြတယ်။ နောက်တစ်ချက်က ကျနော်တို့က  အခုအာဏာသိမ်းအစိုးရကဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်း ၊ ဘယ်၀န်ကြီးဌာနကိုမှ ကျနော်တို့ဟာ အသိအမှတ်ပြုမှာမဟုတ်ကြောင်းကို ကျနော်တို့  ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်တစ်ခုက ဒီအာဏာသိမ်းမှုဟာ ကျနော်တို့ တရား၀င်မှု၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ တရား၀င်မှုကို ဖျက်သိမ်းနိုင်မှာမဟုတ်ဘူးဆိုတာကို ဒီကြေညာချက်ထဲမှာ  ဖော်ပြထားပါတယ်။ အခု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှာတော့ အားလုံးသိကြပြီးသားဖြစ်တဲ့ မဖြူဖြူသင်းတို့ ဦးရည်မွန်တို့ ဦးထွန်းမြင့်တို့ ဦးနိုင်ထူးအောင်တို့ ကိုလွင်ကိုလတ်တို့ အပါအ၀င်ပေါ့နော်  မကြာခင်မှာလည်း အပြင်ကို ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

မေး ။ ။ ကော်မတီရဲ့ လုပ်ငန်းတာ၀န်တွေက ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ ကော်မတီရဲ့ လုပ်ငန်းတာ၀န်တွေက ဒီလွှတ်တော်အစည်းအဝေးကို မကျင်းပနိုင်ခဲ့ဘူး။ ဒီလိုမကျင်းပနိုင်တဲ့အပေါ် လွှတ်တော်ရဲ့အဓိကလုပ်ငန်းတာ၀န်ဖြစ်တဲ့ အစိုးရဖွဲ့ဖို့ အတည်ပြုချက် တာ၀န်ရှိတယ်ဆိုတာကို ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ နောက်တစ်ချက်က ကော်မတီအနေနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေဟာ စစ်အာဏာအသိမ်းခံရပေမယ့် ကျနော်တို့ရဲ့ တရား၀င်မှုကို ဖျက်သိမ်းနိုင်မှာမဟုတ်ဘူးဆိုတာကို အဓိကဖော်ပြထားတယ်။ ဒီကော်မတီကြီးရဲ့ ထပ်ပြီးတော့ ‌ရှေ့ဆက်လုပ်ဆောင်သွားမယ့်ဟာတွေကိုတော့ ဒီမှာဦးဆောင်ပါ၀င်တဲ့သူတွေကနေပြီးတော့ ဆက်ပြီးတော့ ဦးဆောင်ထုတ်ပြန်သွားပါလိမ့်မယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ ဒီကော်မတီကို ‌‌ သဘောတူညီကြောင်း အစည်အဝေးဆုံးဖြတ်ချက်အပေါ် အတည်ပြုပြီးသားဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ကိုယ်စားပြုမှုအားလုံးသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကနေပြီးတော့ ဆက်ပြီးတော့ ဦးဆောင် ကြိုးပမ်းမှုအားလုံးဟာ  ကျနော်တို့ရဲ့ ကိုယ်စားပြုမှုအားလုံးဖြစ်ပါတယ် ။ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။

မေး ။ ။ လုံခြုံရေးကောင်စီက  မြန်မာအရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့အပေါ် ဆွေးနွေးဖြစ်တာရောရှိလား။

ဖြေ ။ ။ အဲဒိဟာအထိ ကျနော်တို့ မဆွေးနွေးရသေးပါဘူး။ ဒီနေ့က အဓိကကတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်ကို ခေါ်ယူစည်းဝေးခဲ့တာဖြစ်ပါတယ်။ လေ့လာသူတွေနဲ့ နိုင်ငံတကာသံရုံးက အရာရှိတွေ Zoom meeting မှာ ပါ၀င်လာတာတွေ့ရတယ်။

မေး ။ ။ ကော်မတီရဲ့ မူလတာ၀န်ဖြစ်တဲ့ အစိုးရဖွဲ့ဖို့ ဆောင်ရွက်သွားမှာလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကော်မတီကို အပြည့်အ၀တာ၀န်အပ်နှင်းထားပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

Photo Credit-SiThuMaung

2 years Ago
Up