စည်ပင်ဝန်ကြီးနှင့်တာဝန်ရှိသူအချို့ ကွာရန်တင်းဝင်

October 2, 2020

စစ်ကိုင်းတိုင်းအစိုးရ စည်ပင်ဝန်ကြီးနှင့်တာဝန်ရှိသူအချို့ ကွာရန်တင်းဝင်

ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် စစ်ကိုင်တိုင်း‌‌၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်အပါအဝင် တိုင်းအစိုးရ တာဝန်ရှိသူတချို့ ကွာရန်တင်း ဝင်နေရတယ်လို့ ကာယကံရှင်ဖြစ်သူက အောက်တိုဘာ ၁ ရက်နေ့ညမှာ ဒီဗွီဘီကို ပြောပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်ကနေလာပြီး မုံရွာမြို့၊ ချင်းတွင်းတံတားအနီးမှာ ရပ်နားထားတဲ့ ကားသမားတွေကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်အပါဝင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီး ကွာရန်တင်းဝင်ခိုင်းခဲ့ပါတယ်။  အဲ့ဒီကားသမားတွေထဲက ၇ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့တယ်ဆိုပြီး သိရတာကြောင့် သွားရောက်စစ်ဆေးခဲ့တဲ့ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်အပါဝင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတချို့ ကွာရန်တင်းဝင်ရတာ ဖြစ်ပါတယ်။   မုံရွာမြို့ရှိ ဟိုတယ်တခုမှာ ကွာရန်တင်း ဝင်နေတဲ့ စစ်ကိုင်းတိုင်း‌ဒေသကြီးစည်ပင်ဝန်ကြီး ဦးမြင့်ကြည်က “အောက်တိုဘာ ၂ ရက်နေ့ မနက် ၈ နာရီမှာ ကျနော်အပါအဝင် ကုန်တင်ကားတွေကို သွားစစ်တုန်း လိုက်ပါခဲ့တဲ့ အစိုးရအဖွဲ့မှ တာဝန်ရှိသူအားလုံးကို swab ယူစစ်ဆေးသွားမယ်” လို့ ပြောပါတယ်။  အောက်တိုဘာ ၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာစုစု‌ပေါင်း ၈၁ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးက‌တော့ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီ ဖြစ်ပါတယ်။  သတင်း- ပြည့်ဖြိုး
8 months Ago
Up