စည်ပင်ဝန်ကြီး

A d v e r t i s e m e n t With Us

June 13, 2020

မြဝတီ အကောက်ခွန်ဝန်ထမ်းအိမ်ရာ သတ်မှတ်ကာလမပြီးစီးပါက လျော်ကြေးပေးရမည်ဟု စည်ပင်ဝန်ကြီး သတိပေး

မြဝတီမြို့နယ် အကောက်ခွန်ဝန်ထမ်းအိမ်ရာ တင်ဒါအောင်ကုမ္ပဏီအနေနဲ့ စက်တင်ဘာလအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ဖို့နဲ့ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး လုပ်ငန်းမပြီးစီးပါက လျော်ကြေးပေးရမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီးက ဦးသန်းနိုင်က သတိပေးပြောဆိုပါတယ်။ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆောက်အဦ ရန်ပုံငွေနဲ့ အကောက်ခွန်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီအား ဇွန်လ ၁၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးစဉ် သတိပေးလိုက်တာပါ။ မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ၊ ၃ ထပ်၊ ပေ ၁၂၀ ပေ ၅၀ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီက သတ်မှတ်ထားတဲ့ လုပ်ငန်းပြီးစီးမှု ၂၀ ရာခိုင်နှုန်းကို ပြည့်မီအောင် ဆောက်ရွက်ထားနိုင်ခြင်းမရှိတဲ့အတွက် အခုလို ပြောဆိုလိုက်တာပါ။ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာဝန်ကြီးက ဦးသန်းနိုင်က “ပြည်သူပြည်သားတွေဆီက ကောက်ထားတဲ့ ပိုက်ဆံတွေ။ အလုပ်လုပ်ရာမှာ အိမ်(မိမိအိမ်)လို စိတ်ဓာတ်ထားပြီး လုပ်ပေးပါ။ စက်တင်ဘာလဆန်းမှာ ပြီးကိုပြီးရမယ်။ အဲဒီထက်ကျော်သွားရင် လျော်ကြေးပေးရမယ်။ အဲဒီထက်နောက်ကျလို့ မရဘူး” လို့ ဆိုပါတယ်။ တင်ဒါအောင်ကုမွဏီတွေအနေနဲ့ သတ်မှတ်ကာလအတွင်း လုပ်ငန်းအနည်းဆုံး ၂၅ ရာခိုင်နှုန်း ပြီးစီးအောင်လုပ်ဆောင်ရမှာဖြစ်ပေမယ့် ကိုဗစ်ကာလလုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေစေဖို့ အတွက် ‌ဖြေ‌လျှော့မှုအနေနဲ့ ၂၀ ရာခိုင်နှုန်း ဖြေလျော့ပေးထားပါတယ်။ ကရင်ပြည်နယ်အတွင်း ဘတ်ဂျက်ရေးဆွဲပြီး တနှစ်တခါ လုပ်ငန်းပြီးစီးမှုတွေကို ၆ လ ၁ ကြိမ် ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြနိုင်ဖို့နဲ့ သတ်မှတ်ရာခိုင်နှုန်း လုပ်ငန်းမပြီးစီးတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းအချိန်မီပြီးစီးနိုင်ဖို့ ကွင်းဆင်းစစ်ဆေးရတာလို့ တာဝန်ရှိသူက ပြောပါတယ်။ မြဝတီမြို့ ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေနဲ့ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အ.ထ.က (၃) ၊ အကောက်ခွန်ရုံးဝန်ထမ်းအိမ်ရာ၊ အမှတ် ၆၊ ၇ တိုးချဲ့ရပ်ကွက်နဲ့ စည်ပင်ပန်ခြံနဲ့ ရေပေးဝေရေး၊ စိမ်းလဲ့မြိုင်ကားကြီးကွင်း၊ မြကနယ်တိုးချဲ့ကွက်သစ်ဈေးနဲ့ ရေပေးဝေရေး၊ သင်္ဃန်းညီနောင် ဈေးသစ်စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ရဲမင်းခေါင်
9 months Ago

April 20, 2020

စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီး ဦးဆောင်ပြီး Mask ကမ်ပိန်းပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် Mask တပ်ဖို့ ညွှန်ကြားထားပေမဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မတပ်ဘဲ သွားလာနေသူတွေရှိတာကြောင့် စည်ပင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ကာ Mask တပ်ဖို့ ကမ်ပိန်းပြုလုပ်နေပါတယ်။ “ကိုဗစ်ရောဂါက မြန်မာနိုင်ငံမှာ တော်တော်လေး ကျယ်ပြန့်လာတယ်။ အပြင်ထွက်ရင် လူတိုင်း Mask တပ်ဖို့ ညွှန်ကြားချက်တွေလည်း ထုတ်ထားတယ်။ စည်ပင်အနေနဲ့ကတော့ အဓိက စျေးတွေမှာ Mask မပါရင် ရောင်းခွင့်၊ ဝယ်ခွင့်မပြုဘူး။ စျေးသက်သာတဲ့ ပြည်တွင်းဖြစ် Mask တွေကို စျေးနှုန်းချိုသာစွာနဲ့ ချုပ်လုပ်ပေးနေတယ်။ အခုတော့ ပညာပေးအနေနဲ့ ဝေငှပေးနေပါတယ်။ နေ့တိုင်း မလုပ်နိုင်တဲ့အတွက် ပြည်သူတွေ ဝယ်ပြီးတပ်ကြဖို့ကို ညွှန်ကြားချက်တွေ ထုတ်မှာပါ။ မုံရွာတင်မကပါဘူး။ တတိုင်းလုံးက ၃၇ မြို့နယ်လုံးကို စည်ပင်သာယာရေးဌာနကနေ ကြီးကြပ်ပြီးတော့ ဖြန့်ဝေပေးသွားမယ်။ အဲလိုလုပ်ရာမှာ ပြည်သူတွေ၊ အရပ်ဘက်တွေ၊ မီးသတ်၊ ပြည်သူရဲ့ ဒီပုဂ္ဂိုလ်တွေနဲ့ ပညာပေးလိုက်ရင် လူတွေကလည်း အစိုးရအဖွဲ့နဲ့ဌာနဆိုင်ရာတွေက ဒီလောက်လုပ်နေတာ တို့လည်း တို့ကိုယ်ပိုင်အသိနဲ့ အပြင်ထွက်ရင် Mask တပ်ရမယ်ဆိုတဲ့ အသိလေးတွေဝင်အောင် လုပ်နေတာပါ” လို့ စစ်ကိုင်းတိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။ စျေးတွေမှာ ဖြန့်ဝေပေးနေတာ တပတ်လောက်ရှိပြီဖြစ်ပြီး မြို့ထဲက လမ်းမကြီးတွေမှာတော့ ဧပြီ ၁၈ ရက်နေ့က Mask အခုရေ ၂ ထောင်နဲ့ ၁၉ ရက်နေ့မှာ ၃ ထောင်ကျော် အခမဲ့ ဖြန့်ဝေပေးနေတာပါ။  အရင်ကလည်း အရပ်ဘက်အဖွဲ့တွေ၊ လုပ်ငန်းရှင်တွေက ပေးဝေတာတွေလည်း ရှိခဲ့ပါတယ်။  လတ်တလောမှာ စစ်ကိုင်းတိုင်းအနေနဲ့လည်း ကိုဗစ်ပိုးရှိသူ ၂ ယောက်တွေ့ထားသလို တနိုင်ငံလုံးမှာလည်း ဖြစ်ပွားသူက တိုးလာနေပါတယ်။  တချို့နေရာတွေမှာ Mask မတပ်ဘဲ သွားလာရင် အပြစ်ပေးတာတွေလည်း ရှိနေပေမယ့် စစ်ကိုင်းတိုင်းအနေနဲ့တော့ အပြစ်ပေးအရေးယူဖို့ ညွှန်ကြားထားတာ မရှိသေးဘဲ အပြစ်ပေး အရေးယူရလောက်အောင်လည်း လုပ်ဖို့ မလိုအပ်သေးသလို စည်းရုံးမှုနဲ့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ သင်္ကြန်ကာလလွန်မြောက်လာလို့ စျေးဆိုင်တော်တော်များများ ပြန်ဖွင့်နေပြီး စျေးရောင်းဈေးဝယ်တွေနဲ့ ပြန်လည်စည်ကားနေကာ စျေးတွေ စနစ်တကျဖြစ်အောင် စည်ပင်က စီမံတာတွေရှိပေမယ့် လိုက်နာမှုအားနည်းတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ စျေးဆိုင်တွေကို ကိုဗစ်နဲ့ပတ်သက်ပြီး တရားစွဲဆိုတာတော့ မရှိသေးပါဘူး။ ဥပဒေနဲ့ ပြောမှရမယ့်သူကိုတော့ ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ပြောဆိုထားပါတယ်။
11 months Ago
Up