အမေရိကန်နိုင်ငံမှာ ခရီးသည်စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အမျိုးသမီးတဦးကို တာဝန်ကျရဲတွေ လေယာဉ်ပေါ်က ဆွဲချခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ဒက်ထရွိုက်မက်ထရိုပိုလီတန်လေဆိပ်မှ ထွက်ခွာမယ့် ဒယ်လ်တာလေကြောင်းလိုင်းပိုင် လေယာဉ်တစီးပေါ်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အမည်မဖော်ပြထားတဲ့ အဲဒီအမျိုးသမီးကို ရဲ ၂ ဦးက လေယာဉ်ပေါ်မှ ဆွဲချခေါ်ဆောင်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အံ့အားသင့်နေကြတဲ့ လေယာဉ်ပေါ်ပါ တခြားခရီးသည်တွေဟာ ဒီအဖြစ်အပျက်ကို နောက်ပြန်လှည့်ကြည့်နေခဲ့ကြတာပါ။
ဒယ်လ်တာလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးဖြစ်တဲ့ အဲရစ် ကာ ဒွန်နာဆန်က ခရီးသည်အမျိုးသမီးဟာ လေယာဉ်ထွက်ခွာချိန် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ကိုယ်နဲ့ပါလာတဲ့ အိတ်တွေကိုလည်း စစ်ဆေးတဲ့အဆင့်တွေ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
“တာဝန်ရှိသူတွေ လာပြီး လေယာဉ်ပေါ်က ထွက်ခွာပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပေမယ့် သူဟာ ဆက်နေမြဲ နေနေခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာပါ။ သူ့ကို ပြစ်ဒဏ်ချမှတ်သွားမှာပါ။”
ရဲတွေဟာ အမျိုးသမီးရဲ့ လက် ၂ ဘက်မှကိုင်ကာ လေယာဉ်ကြမ်းပြင်တလျှောက် ဒယဥ့်တိုက် ဆွဲခေါ်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဘလော့ဂါတဦးဖြစ်တဲ့ ရီနက်စ်ပွိုင့်စ်က အင်တာနက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ထိခိုက်ဒဏ်ရာရရှိခြင်း ရှိမရှိကိုတော့ မသိနိုင်ဘူးလို့ သတင်းကဆိုပါတယ်။
ခုလိုဖြစ်ခဲ့တဲ့အတွက် မနက် ၈ နာရီမှာ ထွက်ခွာရမယ့် လေကြောင်းခရီးစဉ်ဟာ ကြန့်ကြာခဲ့ရပြီး ၈ နာရီခွဲမှ ထွက်ခွာနိုင်ခဲ့ပါတယ်။
6 years Ago