စည်သူအောင်

December 2, 2018

စည်သူအောင် ထိုင်းကလပ် ချောင်ဘူရီအသင်းကို အငှားစာချုပ်ဖြင့် ရောက်ရှိ(ရုပ်သံ)

ရတနာပုံအသင်းရဲ့ မြန်မာ့လက်ရွေးစင်တောင်ပံကစားသမား စည်သူအောင်ဟာ ထိုင်းလိဂ်ဝမ်းကလပ် ချောင်ဘူရီအသင်းကို တရားဝင်ရောက်ရှိသွားပြီဖြစ်ကြောင်း အသင်းရဲ့ ဖေစ့်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စည်သူအောင်ဟာ ချောင်ဘူရီအသင်းမှာ ၁ ရာသီအငှားစာချုပ်နဲ့အတူ သွားရောက်ကစားမှာဖြစ်ပြီး ကစားသမားအတွက် ကား၊ အိမ်၊ လေယာဉ်လက်မှတ်နဲ့ လစာ အားလုံးကို စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။ စည်သူအောင်ကတော့ ချောင်ဘူရီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိရေး အရင်ကထက် ပိုကြိုးစားသွားမယ်လို့ ပြောကြားထားခဲ့သလို အပြောထက် လက်တွေ့လုပ်ပြချင်လို့ ချောင်ဘူရီအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ ပြောပါတယ်။ ချောင်ဘူရီအသင်းဟာ ထိုင်းလိဂ်ဝမ်းရဲ့ အသင်းကြီးတသင်း ဖြစ်ပြီး ထိုင်း အက်ဖ်အေဖလား ၂ ကြိမ်နဲ့ အမှတ်ပေးဖလား ၁ ကြိမ် ရရှိထားပါတယ်။ ချောင်ဘူရီအသင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းလည်း အငှားစာချုပ်နဲ့ သွားရောက်ကစားနေပါတယ်။
2 years Ago

November 28, 2018

ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းသို့ စည်သူအောင် ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင်နဲ့ ရတနာပုံကစားသမား စည်သူအောင်ဟာ လာမယ့်ရာသီမှာ ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းကို ပြောင်းရွှေ့ကစားမှာဖြစ်တယ်လို့ ရတနာပုံအသင်းက ကြေညာလိုက်ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ချောင်ဘူရီအသင်း တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အသင်းနည်းပြက စည်သူအောင်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ စည်သူအောင်အနေနဲ့ ချောင်ဘူရီအသင်းကို တရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ချောင်ဘူရီအသင်းအနေနဲ့ စည်သူအောင်အတွက် ထိုင်းနိုင်ငံအတွင်း အသုံးပြုသွားလာဖို့ ကားတစီး၊ နေစရာအိမ်၊ လေယာဉ်လက်မှတ်နဲ့ လစာတို့ကို စီစဉ်ပေးမှာဖြစ်ပြီး လုပ်ခလစာ ပမာဏကိုတော့ အတည်ပြုပြောကြားတာ မရှိသေးပါဘူး။ “တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေပါ။ ချောင်ဘူရီဆိုတာ အသင်းကြီးတသင်းပါ။ ရရှိလာတဲ့ အခွင့်အရေးအတွက် ကြိုးစားသွားမှာပါ” လို့ အသင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ စည်သူအောင်က ပြောကြားခဲ့ပါတယ်။ စည်သူအောင်ဟာ ရတနာပုံအက်ဖ်စီ အသင်းဆီကို ၂၀၁၄ ခုနှစ်မှာ ရန်ကုန်ယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ရတနာပုံအသင်းအတွက် ၁၀ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ လာမယ့်နှစ် ဘောလုံးရာသီမှာ စည်သူအောင်အပြင် တခြား မြန်မာကစားသမားတွေ ထိုင်းလိဂ်ကို သွားရောက်ကစားဖို့ ရှိပါတယ်။ လိဂ် ၁ ကလပ် ရတ်ချန်ဘူရီအသင်းဟာ ရတနာပုံကပဲ လက်ရွေးစင်နောက်ခံလူ သိန်းသန်းဝင်းကို ခေါ်ယူမှာဖြစ်ပြီး အောင်သူနဲ့ ဇော်မင်းထွန်းတို့ဟာလည်း ထိုင်းကလပ်တွေဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။
2 years Ago
Up