စည်ပင်သန့်ရှင်းရေးဝန်ထမ်း အကူအညီဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး လမ်းမပေါ် မီးဖွား

A d v e r t i s e m e n t With Us

August 15, 2016

စည်ပင်သန့်ရှင်းရေးဝန်ထမ်း အကူအညီဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး လမ်းမပေါ် မီးဖွား

ထိုင်းနိုင်ငံမှာ ဒီကနေ့မနက် အစောပိုင်းက ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတဦးဟာ ကလေးမီးဖွားဖို့အသွား ဆေးရုံမရောက်ခင် လမ်းသန့်ရှင်းရေး စည်ပင်ဝန်ထမ်း အမျိုးသမီးတဦးရဲ့ အကူအညီနဲ့ ကလေးမွေးဖွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆီရိပွန် ချူဂျန်ဟာ ကားပေါ်မှာ မထိန်းနိုင်တော့ဘဲ ကလေးမီးဖွားဖို့ ဖြစ်လာတာမို့ ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသား အီကာ ဆစ်ရစ်သီမက်ဟာ နာခွန်ဆီရီ သမ်မရက်ခရိုင်အနီး ရဲစခန်းရဲ့ ပြင်ပလမ်းပေါ်မှာ ကားကို ရပ်ခဲ့ရတာပါ။ အဲဒီနောက်မှာတော့ သူဟာ အနီးနားတွေ့ရတဲ့ သန့်ရှင်းရေး စည်ပင်ဝန်ထမ်း အမျိုးသမီးကို ကလေးမီးဖွားရာမှာ ကူညီဖို့ အကူအညီ တောင်းခံခဲ့တာပါ။ အသက် ၆၀ အရွယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး ပါဝီနာ ချာအိုဖုခ်က ရဲစခန်းကိုသာ သွားရောက်အကူအညီတောင်းဖို့ ပြောခဲ့ပေမယ့် ကားရှေ့ခန်းခုံမှာ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကလေးရဲ့ဦးခေါင်း ထွက်နေပြီး မွေးတော့မယ့်ဆဲဆဲ ဖြစ်နေတာမို့ ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ “အချိန်ကတော့ ကျမ အမှိုက်သိမ်းပြီးချိန် မနက် ၄ နာရီလောက်မှာပါ။ ကျမ ဖအေလုပ်သူကို ရဲစခန်းမှာ အကူအညီတောင်းဖို့ ပြောခဲ့ပြီး အလုပ်ဆက်လုပ်နေခဲ့ပါသေးတယ်။ ခုလိုကူညီပေးခဲ့ရလို့ ကျမ ၀မ်းသာပါတယ်။ မိဘတွေအတွက်လည်း ပျော်ရွှင်မိပါတယ်။” အခင်းဖြစ်တဲ့နေရာကို ရဲတွေနဲ့ ဆေးကုသရေးအဖွဲ့တွေ ရောက်လာချိန်မှာတော့ သမီးမိန်းကလေးတဦးကို ချောချောမောမော မွေးခဲ့ပြီး ဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ ကလေးရော မိခင်ကိုပါ ဆေးရုံကို ခေါ်ဆောင်သွားနိုင်ခဲ့ပြီး ကျန်းကျန်းမာမာနဲ့ ရှိနေပြီလို့ သတင်းမှာ ဖော်ပြပါတယ်။ ကလေးရဲ့ ဖခင်ဖြစ်သူ အီကာဆစ်ကတော့ သူ့အနေနဲ့ သူတို့ရဲ့ တတိယမြောက် ရင်သွေးလေးအတွက် စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ခုလို ကူညီခဲ့သူတွေအားလုံးနဲ့ ပါဝီနာကို ကျေးဇူးတင်တယ်လို့ ပြောလိုက်တာပါ။
5 years Ago
Up