စဉ့်ကူးမြို့နယ်

October 31, 2022

စဉ့်ကူးမြို့နယ် ရွှေပြည်ရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာအနီးမှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၆  နာရီခွဲအချိန်ခန့်က မတ္တရာဘက်ကနေ စဉ့်ကူးဘက်သို့ ဖောကားနှစ်စီးနှင့် ဖိုးဝှီး(လ်)ကားနှစ်စီး မောင်းနှင်လာခဲ့ရာ ရွှေပြည်ရွာအနီး ပတ်လည်အင်းရွာနှင့် ဘိုးတော်တောင်ရွာကြားမှာ ပထမဦးဆုံး ဖောကားတစ်စီးကို စဉ့်ကူး (ပ.က.ဖ) အဖွဲ့က ပဒေသာမိုင်း လေးလုံးတွဲနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းထိသွားတဲ့ ဖောကားမှာ နေရာတွင်ပင် ပျက်ကျန်ခဲ့ပြီး ကျန်ကားများမှာ နောက်ကြောင်းပြန် လှည့်သွားခဲ့ကြကာ မှောင်စပြုချိန်ဖြစ်တာကြောင့် အထိအခိုက်သေဆုံး မသိရဘူးလို့ စဉ့်ကူး မြေပြင်ပြောက်ကျားတပ်ပေါင်းစု က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီက မတ္တရာဘက်က စစ်ကောင်စီကားကြီး ၆ စီး‌ မောင်းနှင်လာခဲ့ရာ တရော်ပင်ရွာနှင့် ရွှေပြည်ရွာကြားမှာ ဒုတိယကားကို ပဒေသာမိုင်းရှစ်လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားများက ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူ ၈ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ကာ မတ္တရာရဲစခန်းကို ခေါ်ဆောင်သွားပြီး ကျန်ကားတွေက လက်ပန်လှဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နေရာတင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကာ မတ္တရာဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်မှုမှာ စဉ့်ကူး (ပ.က.ဖ) က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ စဉ့်ကူးမြေပြင်ပြောက်ကျားတပ်ပေါင်းစုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

3 months Ago

August 16, 2022

စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်သားတွေကို သြဂုတ် ၁၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဝက်လက်မြို့နယ် အရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။

“ရွာသာယာမှာက တရွာလုံး ပျူရွာ၊ ရွာခံတွေကအစ အကုန် ပျူစောထီးတွေကြီးပဲ၊ အဲဒီနားက ရွာတွေက လူတွေအကုန် သူတို့ကပဲ ပျူသင်တန်းပေးတာ၊ ဒရုန်းနဲ့ ဗုံးကြဲတော့ လူထိလား အတိအကျတော့ မသိဘူး၊ အကုန်လုံးအော်ပြီး ထွက်ပြေးတာပဲ။”

ရွာသာယာကျေးရွာက ပျူစောထီးတွေက ဇီးကုန်းကျေးရွာနဲ့ ကြက်တူရွေးကျေးရွာက စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်းပြီး ကျွန်းကြီးကျေးရွာက နေအိမ်တွေကို ရိုက်နှက်ဖျက်ဆီးပြီး ပစ္စည်းတွေသယ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးကြဲပြီးနောက်  ကြက်တူရွေးကျေးရွာက စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၁၂၀-မမ နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကို ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ ၊ တောကြီးမြွေပြွေးအဖွဲ့ ၊ GZ နဲ့ banger မဟာမိတ်လေးဖွဲ့ ပူးပေါင်းပြီး  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

6 months Ago
More News
Up