စစ်‌ကောင်စီတပ်မီးရှို့

September 28, 2021

မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာက နေအိမ် ၃ လုံးကို စစ်‌ကောင်စီတပ်မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေးရွာက နေအိမ် ၃ လုံးကို ဒီနေ့ စက်တင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျေးရွာသားတစ်ဦးက “နေအိမ် ၃ လုံး မီးရှို့ခံလိုက်ရတယ်ဗျ။ ဘာကြောင့်ရှို့တာလဲဆိုတော့ သူတို့လာရှာတဲ့သူမမိလို့ နေအိမ်ကိုမီးရှို့တာ။ ဒီကောင်တွေ မိုက်ရိုင်းတယ်ဗျ။ ရွာသားနှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး စစ်ဆေးတာတွေလည်း လုပ်သွားသလို ရိုက်နှက်တာတွေလည်း လုပ်သွားကြတယ်ဗျ” လို့ ပြောပါတယ်။

မကျည်းဘုတ်ရွာကို မနေ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ဒလန်နှစ်ဦးပါဝင်ပြီး ကျေးရွာတွင်း ရှာဖွေတာတွေလုပ်ဆောင်ခဲ့သလို ဒီနေ့မှာ တစ်ကြော့ပြန် လာရောက်ရှာဖွေကာ လူနေအိမ်ပါ မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ မီးရှို့ခံရတဲ့သူရဲ့အိမ်ဟာ ဦးထွန်းမြင့်နဲ့ အမည်မသိသူ နှစ်အိမ်လည်း ဖြစ်ပါတယ်။ 

အဲလူတွေဟာ မိရိုးဖလာ တောင်သူလုပ်ငန်းနဲ့ ဈေးရောင်းဈေးဝယ်လုပ်ငန်း လုပ်ကိုင်နေသူ တွေဖြစ်ပြီး အခုလိုမီးရှို့ခံရတာဟာ ပုဂ္ဂိုလ်ရေးအရမတည့်လို့ သတင်းပေးတိုင်ကြားတာ‌ကြောင့် စစ်ကောင်စီကလာပြီး မီးရှို့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

4 weeks Ago
Up